Main menu

မကွေးမြို့နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အသင်းသားစုံညီ နှစ်ပတ်လည် အစည်းအဝေးကျင်းပ

Powered by Drupal

        မကွေးမြို့နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အသင်းသားစုံညီ နှစ်ပတ်လည် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူ (၄)ဦး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များ စုစုပေါင်း(၈၅)ဦး တက်ရောက်ခဲ့ကြပါသည်။

       ဦးစွာ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ယခုလို အသင်း၏ နှစ်ပတ်လည်အစည်းအဝေးတွင် မုဒိတာစကား ပြောကြားခွင့်ရရှိတဲ့အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ မိမိတို့ဌာန၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေး၊ ဖွဲ့စည်းပြီး အသင်းအဖွဲ့များအားသက်ဝင်လှုပ်ရှားမှုရှိစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးဆိုင်ရာအသင်းအဖွဲ့အားလုံးသည် မည်သည့်ဌာနလက်အောက်တွင်မှမရှိဘဲ သီးခြားတည်ရှိလျက်ရှိပြီး၊ ဌာနများကပေါင်းစပ်ညှိနှိုင်းမှုသာရှိကြောင်း၊  မကွေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကို ပြန်လည်ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ သင်းဖွဲ့စည်းမျဉ်း၊ စည်းကမ်းများလည်း ရေးဆွဲအတည်ပြုပြီးဖြစ်၍ ၎င်းသင်းဖွဲ့စည်းမျဉ်း၊ စည်းကမ်းများအတိုင်း အဖွဲ့ဝင်အားလုံးသည် လိုက်နာကြရမည်ဖြစ်ကြောင်း၊ ပုံမှန်နှစ်ပတ်လည် အစည်းအဝေးကို တစ်နှစ်တစ်ကြိမ် ကျင်းပရမည်ဖြစ်ကြောင်း၊ အထူးကိစ္စရပ်ရှိပါကလည်း ထပ်ပြီးအစည်းအဝေး ကျင်းပရမည်ဖြစ်ရာ အသင်း၏တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ငွေကြေးသုံးစွဲမှုများကိုလည်း တင်ပြ၍  အတည်ပြုချက်ရယူပြီး ဆုံးဖြတ်ရမည့်အချက်များနှင့် အစည်းအဝေးမှတ်တမ်းကိုလည်း စနစ်တကျ မှတ်တမ်းထားရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။

    ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဖိုးနီက အသင်း၏ နှစ်ပတ်လည်အစည်းအဝေးကို စိတ်ပါဝင်စားစွာ တက်ရောက်ပေးသည့်အတွက် အသင်းဝင်များအားလုံးကို ကျေးဇူးတင်ကြောင်း၊ အသင်းဝင်များအားလုံးသည် အသင်း၏ သင်းဖွဲ့စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာကြရမည်ဖြစ်ပြီး အရောင်းအဝယ်ပြုလုပ်သည့်နေရာတွင် ပြဿနာများဖြေရှင်းနိုင်ရန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းနှင့် စနစ်တကျရှိသည့် အရောင်းအဝယ်မျိုး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  ထို့နောက် မကွေးကုန်စည်ဒိုင် ဥက္ကဌ ဦးကျော်ထွန်းက ပွဲခ၊ လုပ်သားခ သတ်မှတ်နှုန်းထားများအား အသင်းဝင်များသိရှိစေရေးနှင့် သဘောတူညီမှု ရှိ/မရှိ ဆွေးနွေးမေးမြန်းခဲ့ရာ အသင်းဝင်များမှ သဘောတူညီကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

   ထို့နောက် မကွေးကုန်စည်ဒိုင် အတွင်းရေးမှူး ဦးမင်းမင်းအောင်မှ အသင်း၏ ဘဏ္ဍာရေး ရှင်းတမ်းများအား ချပြရှင်းလင်းခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၁:၃၀) နာရီအချိန်တွင် ရုတ်သိမ်း ခဲ့ပါသည်။

DOCA(မကွေး)