မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ Mandalay Beverages Enterprise Company Limited သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ ဆတ်သေကျေးရွာရှိ ဇော်ဆန်စက်နှင့်စာချုပ်ချုပ်ဆို၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများတင်ပို့နိုင်ရေးအတွက် The General Administration of Customs of the People’s Republic of China (GACC) မှတ်ပုံတင်လက်မှတ် လျှောက်ထားပါသဖြင့် ဩဂုတ်လ ၈ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်း လီမီတက် (MITS)တို့ ပူးပေါင်းအဖွဲ့မှ ဆန်စက်အား စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာန (လှည်းကူး)မှ ဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်နှင့် မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမီတက် (MITS)မှ လက်ထောက်မန်နေဂျာ ဦးကျော်ဇင်တို့ ဦးဆောင်သော ဇော်ဆန်စက် စစ်ဆေးရေးအဖွဲ့တွင် စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် အဖွဲ့ဝင်အဖြစ်ပါဝင်၍ ဇော်ဆန်စက်အား Sanitary and Phytosanitary Protocol - SPS Protocol ပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိကို သွားရောက်စစ်ဆေးခြင်း ဖြစ်ပါသည်။
စစ်ဆေးရေးအဖွဲ့သည် Sanitary and Phytosanitary Protocol - SPS Protocol ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိစစ်ဆေးရာတွင် ကုန်ကြမ်းနှင့်ကုန်ချော သိုလှောင်ရုံများကို စစ်ဆေးခြင်း၊ စက်ရုံအတွင်း ကုန်ကြမ်းနှင့်ကုန်ချောထားရှိမှုများကို စစ်ဆေးခြင်း၊ လုပ်သားများ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးခြင်းများဆောင်ရွက်ရာ စက်ရုံပိုင်ရှင်ဦးဇော်ဇော် က ရှင်းလင်းတင်ပြပါသည်။ စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ၍ (GACC) မှတ်ပုံတင်လက်မှတ် ထုတ်ပေးနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
DOCA(ပဲခူး)