Main menu

တောင်ငူမြို့တွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

      တောင်ငူခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ခန်းမ၌ ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၏ ဖိတ်ကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် တက်ရောက်၍ ဆွေးနွေးဟောပြောခဲ့ပါသည်။

   အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမိုးက အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းနန္ဒာလှိုင်နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေထွန်းဝင်းတို့က မိမိတို့ဦးစီးဌာနများနှင့် သက်ဆိုင်သည့် အခန်းကဏ္ဍကို ရှင်းလင်းပြောကြားပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်သည့် အခန်းကဏ္ဍများဖြစ်သည့် MSMEs လုပ်ငန်းများမှ ထုတ်လုပ်သည့် စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို စာသုံးသူများလုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရေးအတွက် ဈေးကွက်မရောက်မီ စစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်နေသည့် အခြေအနေများကိုလည်းကောင်း၊ MSMEs ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်ရရှိရေးသာမက ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအတွက် ဈေးကွက်ရှာဖွေဖော်ထုတ်ပေးသည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားပါသည်။

    ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာခရိုင်ဦးစီးမှူးများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမိုးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ၊ ဒေါ်ခင်ဇာခြည်အောင်နှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း အင်အား ၃၀ ဦးခန့်တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)