Main menu

ဆေးဝါးဖြန့်ဖြူးရောင်းချမှုနှင့်စပ်လျဉ်း၍ ဆေးဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့တွင် ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းအထောက်အကူ ပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး၊ ပြည်နယ်အတွင်း ဆေးဝါးဖြန့်ဖြူး ရောင်းချမှု အခြေအနေများနှင့်စပ်လျဉ်း၍ လွိုင်ကော်မြို့ပေါ်ရှိ ဆေးဝါးရောင်းချသော လုပ်ငန်းရှင်များနှင့် ပြည်နယ်ဆေးဝါးနှင့်ဆေးပစ္စည်းဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ ဥက္ကဌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစန်းဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စစ်ဆေးကြပ်မတ်ရေးအဖွဲ့ အတွင်းရေးမှူး ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းက ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် ဆေးဝါးဝယ်ယူရာတွင် အခက်အခဲများ ရှိပါက မိမိတို့ဝယ်ယူမည့် မြို့၊ ကုမ္ပဏီနှင့် ဖြန့်ဖြူးမည့် မြို့နယ်များ၏ စာရင်းများအား ဌာန သို့တင်ပြလာပါက ဌာနမှတဆင့် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းရှင်များမှ ဆေးပစ္စည်းများအား အခြားမြို့များမှ မှာယူရာတွင် အဆင်ပြေချောမွေ့စေရေးနှင့်ပတ်သတ်၍ ဆေးဝါးရောင်းချခွင့်လိုင်စင်ဖြင့် တရားဝင် ရောင်းချလျက်ရှိသော ဆေးဆိုင်အမည်နှင့် ဖုန်းနံပါတ်များကို သက်ဆိုင်ရာအစိုးရအဖွဲ့များမှတဆင့် လုံခြုံရေး၊ စစ်ဆေးရေးဂိတ်များတွင် ဖြန့်ဝေထားစေလိုကြောင်း၊ စစ်ဆေးရေးဂိတ်များမှ ဆေးပစ္စည်းများအပေါ် သံသယရှိပါက သက်ဆိုင်ရာဆေးဆိုင်သို့ မေးမြန်းစေလိုပါကြောင်း၊ မိမိတို့ မှာယူသည့် ဆေးပစ္စည်းများနှင့်ပတ်သတ်၍ မိမိတို့တာဝန်ယူမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ဆေးဝါးဖြန့်ဖြူးမှုအခြေအနေများကို စစ်ဆေးကြပ်မတ်ရေးအဖွဲ့သို့ ဆက်လက်ပေးပို့သွားမည်ဟု တင်ပြဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ ဉက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ဆေးဝါးရောင်းချသော လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ကယားပြည်နယ်)