တောင်သူလယ်သမားများ ဆီထွက်သီးနှံဖြစ်သည့် နေကြာကို တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး ၁၁၃ မိုင်အနီးရှိ ဦးစီးဌာနပိုင်စိုက်ခင်းတွင် တောင်သူအသိပညာပေးစိုက်ခင်းကို စိုက်ပျိုးထားရှိပါသည်။
မိုးနေကြာကို ထယ်ရေးပြင်ချိန်တွင် တစ်ဧကလျှင် နွားချေး/မြေဆွေး (၅)စီးမှ (၁၀)စီးနှုန်း၊ ပုလဲမြေသြဇာ(၁၆)ပြည်၊ တီစူပါ(၁၆)ပြည်၊ ပိုတက် (၈)ပြည်နှုန်းကို ထည့်ပေးရပါသည်။ တန်းကြား (၂)ပေ၊ ပင်ကြား(၉)လက်မ၊ တစ်ကျင်းလျှင် (၂)စေ့နှုန်း၊ မျိုးစေ့အတိမ် အနက် (၁) လက်မခွဲခန့် မျိုးစေ့ချစိုက်ပျိုးရပါသည်။
စတင်စိုက်ပျိုးပြီးနောက် အပင်ပေါက် သက်တမ်း (၁၅)ရက်ရှိလာချိန်တွင် အသန်ဆုံး တစ်ပင်သာ ချန်ထားပြီး(၄၀)ရက်သား ရှိလာလျှင် ပေါင်းရှင်း ကြားထွန်လိုက်ရပါသည်။ အဖူးဝင်ချိန်တွင် ပုလဲမြေဩဇာ (၁၆)ပြည်ထည့်ပြီး ဘောင်သွင်းတင်ပေးရပါသည်။ ပန်းပွင့်ချိန်တွင် ဝတ်မှုန်ကူးပေးမည့် ပျား၊ ပိတုန်းများ မထိခိုက်စေရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်းကို အထူးဂရုစိုက်ရန် လိုအပ်ပါသည်။
နေကြာစိုက်တောင်သူလယ်သမားများ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးနေကြာ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေပြီး အသိပညာပေး စိုက်ကွက်အနေဖြင့် ဆင်းရွှေကြာ-၂ မိုးနေကြာ (၅)ဧကကို ဇွန်လပိုင်းမှ စတင်စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
DOCA(ပဲခူး)