စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများအဖွဲ့ သည် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အမှတ်တံဆိပ်တွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ် အသားများ၊ မြန်မာလိုထည့်သွင်း ဖော်ပြရမည့်အချက်အလက်များအား သိရှိစေရန် (၁၅.၈.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ ထက်ပြည့်စုံ ” အာလူးကြော်လုပ်ငန်းနှင့် ပခုက္ကူမြို့နယ်၊ ကံလှကျေးရွာရှိ " ရွှေကောင်း " ပေါင်မုန့်ကြော် လုပ်ငန်းရှင်တို့ နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြနိုင်ရေး ကွင်းဆင်းအသိပညာပေး ဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာတွင် စိစစ်ခွင့်ပြုချက်ရရှိပြီးသော မုန့်လုပ်ငန်းများ၏ ကုန်အမှတ်တံဆိပ်များအား နမူနာပြ၍ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းတွင် ပါဝင်သော အချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး မု့န်လုပ်ငန်းရှင်များအနေဖြင့် ကုန်အမှတ် တံဆိပ်တွင် ပြည့်စုံစွာထည့်သွင်းဖော်ပြပြီးလျှင် မိမိတို့ကုန်ပစ္စည်းသည် လုံခြုံစိတ်ချရမည်ဖြစ်ပြီး စားသုံးသူမှ ကုန်အမှတ်တံဆိပ်မပြည်စုံသည့် ကုန်စည်နှင့်နှိုင်းယှဉ်၍ ရွေးချယ်စားသုံးမည်ဆိုပါက လုံခြုံစိတ်ချမှုရှိသောကုန်စည်ကိုသာ ရွေးချယ်စားသုံးမည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာထည့်သွင်းပြီးလျှင် စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်၍စိစစ်ခွင့်ပြုချက်လျှောက် ထားနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။
" ထက်ပြည့်စုံ " အာလူးကြော်လုပ်ငန်းရှင်နှင့် " ရွှေကောင်း " ပေါင်မုန့်ကြော် လုပ်ငန်းရှင်တို့က ပြန်လည်ဆွေးနွေးရာတွင် လုပ်ငန်းများလုပ်ကိုင်ရသည်မှာ ကုန်ဈေးနှုန်းများ မြင့်မားသည့်အတွက် အရင်းအနှီးများပြီး ကိုက်ညီမှုနည်းပါးကြောင်း၊ ဈေးကွက်အနေဖြင့် ယခုအချိန်တွင် နယ်မြေအခြေအနေအရ မြို့တွင်း၌သာရောင်းချကြောင်း၊ ယခင်ကဆိုလျှင် ရေစကြို၊ မြိုင်၊ မြင်းခြံ၊ မုံရွာ၊ ချောင်းဦး မြို့နယ်များသို့ တင်ပို့ရောင်းချကြောင်း၊ ကုန်အမှတ်တံဆိပ်နှင့်ပတ်သက်၍လည်း ယခုလိုလာရောက် ရှင်းလင်းအသိပညာပေးခြင်းကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်တွင် ပြည့်စုံစွာ ထည့်သွင်းဖော်ပြပြီးလျှင် စိစစ်ခွင့်ပြုချက် လာရောက်လျှောက်ထားမည်ဖြစ်ပါကြောင်း ဆွေးနွေးပါ သည်။
DOCA(မကွေး)