Main menu

ဆောင်းဒါးယက္ကန်းနှင့်အသက်မွေးသိပ္ပံ၌ သဘာဝဆိုးဆေးသင်တန်းဖွင့်လှစ်ပို့ချ

Powered by Drupal
Tue, 08/29/2023 - 15:07 -- consumer_admin

     မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပ‌ပျောက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးကော်မတီနှင့် ဆောင်းဒါးယက္ကန်းနှင့်အသက်မွေးပညာသိပ္ပံတို့ပူးပေါင်း၍ ဖွင့်လှစ်ပို့ချသည့် သဘာဝဆိုးဆေးနည်းသင်းတန်းကို ၂၃.၈.၂၀၂၃ရက်(ဗုဒ္ဓဟူး‌နေ့) နံနက် (၀၉:၀၀)နာရီအချိန်တွင် ဆောင်းဒါးယက္ကန်းနှင့်အသက်မွေးသိပ္ပံသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲတွင် လူမှုရေးရာဝန်ကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် လုပ်ငန်းရှင်များ၊ ယက္ကန်း အသင်းများမှအသင်းဝင်များနှင့် သင်တန်းသား(၂၀)ဦးတို့ တက်ရောက်ကြကြောင်း၊ သင်တန်းကာလအနေဖြင့် ၁၀ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။  ဆောင်းဒါးယက္ကန်းသင်တန်း ကျောင်းကို ၁၉၁၄ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး  ၂၀၁၄ခုနှစ်မှစတင်၍ ဆောင်းဒါးယက္ကန်းကျောင်းမှသည် ဆောင်းဒါးယက္ကန်းနှင့်အသက်မွေးပညာသိပ္ပံဟု အဆင့်မြှင့်တင်နိုင်ခဲ့သည့်အတွက်  ယခုဆိုလျှင် နှစ်ပေါင်း ၁၀၉နှစ် တိုင်ပြီဖြစ်ကြောင်း၊ ၂၀၁၄ခုနှစ်မှစ၍  ပုံမှန်ဖွင့်လှစ်ပို့ချသည့် သင်တန်းများအပြင် ကာလတိုသင်တန်းများ၊ ဒေသလိုအပ်ချက်အရ သက်ဆိုင်ရာလုပ်ငန်းရှင်များမှ တောင်းဆိုသည့် သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း သိရှိရ ပါသည်။ ပုံမှန်ဖွင့်လှစ် ပို့ချသည့်သင်တန်းတွင် (၁) ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာသင်တန်း (၂)ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သင်တန်း၊(၃)ရိုးရာလွန်းရာကျအချိတ်သင်တန်း၊(၄) လက်ယက္ကန်းသင်တန်းနှင့် (၅)ရွှေချေည်/ငွေချည်ထိုးသင်တန်းတို့ဖြစ်ကြပြီး ချည်မျှင်နှင့်အထည် အလိပ်ဒီပလိုမာသင်တန်းကို သင်တန်းကာလ(၁)နှစ် သတ်မှတ်ထားပြီး (၁၀)တန်းအောင်မြင်သူများကိုသာ သင်ကြားပို့ချကာ ဒီပလိုမာလက်မှတ်ချီးမြှင့်ပေးပါကြောင်း၊ ချည်မျှင်နှင့်အထည် အလိပ်ကျွမ်းကျင်သင်တန်းကို သင်တန်းကာလ (၁)နှစ်သတ်မှတ်ထားပြီး (၈)တန်းအောင်မြင်သူများကိုသာ ပို့ချလျက်ရှိပါကြောင်း၊ ကျွမ်းကျင်သင်တန်းများကို  တနင်္သာရီ၊ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့မှလွဲ၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ယက္ကန်းသင်တန်းကျောင်းခွဲ (၁၃)ကျောင်းမှ သင်ကြားပို့ချပေးပါကြောင်း၊ ရိုးရာလွန်းရာကျအချိတ်သင်တန်းနှင့် လက်ယက္ကန်းသင်တန်းများကို သင်တန်းကာလ(၄)လနှင့် ရွှေချည်/ငွေချည်ထိုးသင်တန်းကို သင်တန်းကာလ(၃)လနှင့် (၄)တန်းအောင်မြင်သူများကို သင်ကြားပို့ချလျက်ရှိပါကြောင်း၊ အဆိုပါသင်တန်း(၃)ခုသို့ တက်ရောက်သည့် သင်တန်းသားများသည် မူလတန်းအောင်များသာဖြစ်သော်လည်း  စိတ်ပါဝင်စားပြီး လက်တွေ့လုပ်ကိုင်နေသူများဖြစ်သည့်အတွက် စာတွေ့လက်တွေ့ပေါင်းစပ် သင်ကြားပေးခြင်းဖြင့် ပိုမိုစနစ်ကျပြီး ခေတ်မီသည့်နည်းပညာများရရှိစေသည့်အတွက် လုပ်ငန်းခွင်တွင်  ပိုမိုထိရောက်မှုရှိပါကြောင်းသိရှိရပါသည်။

   ကာလတိုအသက်မွေးဝမ်းကျောင်းသင်တန်းတွင် စက်ယက္ကန်း စက်ပြင်/စက်မောင်း သင်တန်း၊ သဘာဝဆိုးဆေးသင်တန်း၊ အထည်ဆေးရေးနည်းနှင့်ပန်းပုံရိုက်အခြေခံသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းနှင့် အခြေခံလျှပ်စစ် သံဂဟေဆက်သင်တန်းများ ပို့ချလျက်ရှိကြောင်းနှင့်  ကျေးလက်နေပြည်သူများ၊ မြို့ပြနေ အခြေခံလူတန်းစားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းသိရှိရပါသည်။ သဘာဝဆိုးဆေးကို ရှေးယခင်ကပင် သစ်ဥ၊ သစ်ဖု၊ သစ်ရွက်များ၊ သစ်ခေါက်များမှ ထုတ်ယူ၍ ဆိုးဆေးအဖြစ်အသုံးပြုလျက်ရှိရာ ခေတ်အဆက်ဆက် တိုးတက်လာသည့်နည်းပညာဖြင့်ထုတ်လုပ်သည့် အရာင်အဆင်းလှပသည့် ဓာတုဆိုးဆေးများကို ၁၈ရာစုတွင် စတင်အသုံးပြုလာကြသော်လည်း ဓါတ်မတည့်ခြင်းများ ရှိသည့်အတွက် ၂၀၀၀ခုနှစ်မှစ၍ သုတေသနများပြုလုပ်ပြီးစနစ်ကျသည့် သဘာဝဆိုးဆေး အမျိုးအစား (၄၅)မျိုးခန့် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ယခုအချိန်တွင် ရာသီဥတု ပြောင်းလဲ၍ ပူပြင်းလာသည့်အတွက် သဘာဝဆိုးဆေးအထည်များကို တန်ဖိုးထားဝတ်ဆင်လာကြကြောင်း၊ နိုင်ငံခြားသို့ သွားရောက်သူများအနေဖြင့်လည်း သဘာဝဆိုးဆေးချည်ထည်များကို ဒေသ ထွက်ကုန်အဖြစ် လက်ဆောင်ပေးလာကြပြီး နိုင်ငံခြားသားများကပါ နှစ်သက်လာကြသဖြင့် ပြည်တွင်းတွင်သဘာဝဆိုးဆေးအထည်များကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်လာကြကြောင်း၊ သဘာဝဆိုးဆေးဟုဆိုရာတွင်လည်း သစ်ရွက်များအား ချည်ထည် ပေါ်တင်၍ ရိုက်နှိပ်ဆေးဆိုးသည့် Botanical Painting  နည်းပညာဖြင့် ထုတ်လုပ်သည့် အထည်များကို ပိုမိုနှစ်သက်ကြကြောင်း၊  ယခုဖွင့်လှစ်သည့် သဘာဝဆိုးဆေးသင်တန်းတွင်လည်း ထည့်သွင်းသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။  ယခုလို ကာလတို သင်တန်းများသို့ တက်ရောက်ကာ မိမိတို့၏လုပ်ငန်းတွင် ပြန်လည်အသုံးချခြင်းဖြင့် ခေတ်မီဆန်းသစ်သည့် ဒေသထုတ်ကုန်များထုတ်လုပ်လာနိုင်ပြီး ဈေးကွက်ပိုမိုချဲ့ထွင်လာနိုင်မှာဖြစ်ကြောင်းနှင့် မိမိဒေသရှိအခြေခံလူတန်းစားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးလာနိုင်မည်ဖြစ်ပါကြောင်းသိရှိရသည်များကို တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)