Main menu

ကရင်လူမျိုးတို့၏ ရိုးရာလက်ချည်ပွဲ(ချည်ဖြူဖွဲ့မင်္ဂလာ)သို့မဟုတ် လိပ်ပြာခေါ်ပွဲ

Powered by Drupal
Tue, 09/05/2023 - 14:46 -- consumer_admin

     ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅မျိုး နေထိုင်ပြီး အဓိကအားဖြင့် ကချင်၊ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်းစသည့် မျိုးနွယ်စုများ မှီတင်း နေထိုင်ကြသည်။ တိုင်းရင်းသားလူမျိုးတိုင်းတွင် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ အမျိုးမျိုး ရှိကြသည်။ထို့များထဲမှ ဝါခေါင်လတွင် ကျင်းပပြုလုပ်သော ကရင်လူမျိုးတို့၏ လက်ချည်ပွဲ (ချည်ဖြူဖွဲ့မင်္ဂလာ)သို့မဟုတ် လိပ်ပြာခေါ်ပွဲသည်လည်း ချစ်စရာဓလေ့တစ်ခုဖြစ်ပါသည်။

  ပုံမှန်အားဖြင့် ကရင်လူမျိုးတို့၏ ရိုးရာလက်ချည်ပွဲကို မိုးများသောကာလ ဝါခေါင်လ လဆန်းတွင်လည်းကောင်း၊ ဝါခေါင်လပြည့်နေ့တွင်လည်းကောင်းကျင်းပလေ့ရှိပြီး ဒေသနှင့် ရာသီဉတုအခြေအနေပေါ်မူတည်၍ ဝါခေါင်လအတွင်း သင့်ရာရက်ကို ရွေးချယ်၍ ဒေသအလိုက် အိမ်ထောင်စုအလိုက်၊ မိသားစုဝင်အလိုက် စုဖွဲ့၍ လက်ချည်ပွဲသီချင်းများနှင့် ရိုးရာသီချင်းများကို သီဆို၍ ပျော်ရွှင်စွာ စုပေါင်းကျင်းပကြသည်။

   ကရင်ရိုးရာ လက်ချည်ပွဲနှင့် ပတ်သတ်၍ ဖြစ်ပေါ်လာပုံနှင့် ကျင်းပဆောင်ရွက်မှုများကို အမျိုးမျိုးဖော်ပြကြသော်လည်း တူညီသော ဖြစ်ပေါ်လာပုံသမိုင်းနှင့် ရှေးလူကြီးများ ဘိုးဘွားများ၏ ပြောကြားချက်များအရ ရှေးဦးကရင်းတိုင်းရင်းသားတို့သည် တိဗက်တရုတ်ဒေသတွင် စတင်နေထိုင် ကျက်စားရာမှ ရေကြည်ရာ မြက်နုရာသို့ ရှာဖွေနေထိုင်ကြရန် တွေးဆပြီး မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းကာ မြောက်ဘက်မှ ဝင်ရောက်လာခဲ့ကြသည်။ထို့အဖွဲ့အား “ဖူ့ထော်မဲ့ပါ”အမည်ရှိ ပုဂ္ဂိုလ်က ဦးဆောင်ခဲ့ကြောင်း သိရသည်။ မြန်မာပြည်တွင်းသို့ ဝင်ရောက်ပါက ရေကြည်ရာ၊ မြက်နုရာ စားကျက်ကောင်း မြေဆီမြေသားကောင်းသော နေရာကောင်းများကို ဖြန့်ခွဲ၍ သွားရောက်နေထိုင် ကြရန်နှင့် ထို့သို့သွားရောက်ရာတွင် အုပ်စုလိုက် လူစုမကွဲစေရန်နှင့် နှောင်အခါတွင် မိမိတို့လူမျိုးအချင်းချင်း တွေ့ဆုံကြသော အခါ မမေ့မပျောက်စေရန်အတွက်လည်းကောင်း၊ မိမိတို့ သွားရောက်ရမည့် တောတောင်အရပ်ဒေသအကြောင်းကို အတိအကျမသိမကျွမ်းကျင် သောကြောင့် မကောင်းဆိုးဝါးများက လူယောင်ဆောင်၍ မိမိတို့ လူအုပ်အတွင်း ဝင်ရောက်နှောက်ယှက်ဖျက်စီး ကြမည်စိုးသည့်အပြင် ဝင်ရောက်နှောက်ယှက်ပါက အချင်းချင်းလူးမမှားပဲ မှတ်မိနေကြစေရန် အတွက် လက်တွင်ချည်ဖြူဖွဲ့ပြီး အမှတ်အသား ပြုလုပ်သင့်သည်ဟု တညီတညွတ်တည်း ဆုံးဖြတ်၍ ကရင်လူမျိုးနွယ်စုခေါင်းဆောင်များက လက်တွင်ချည်ဖြူဖွဲ့၍ ဆုတောင်းထောပနာပြု ဆောင်ရွက်ခဲ့ သည်ကို ရိုးရာဓလေ့ယဉ်ကျေးမှုဖြင့် ယနေ့တိုင် ယုံကြည်စွာ လက်ဆင့်ကမ်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

         ကရင်လူမျိုးတို့၏ လက်ချည်ပွဲ (ချည်ဖြူဖွဲ့မင်္ဂလာ)သို့မဟုတ် လိပ်ပြာခေါ်ပွဲအခမ်းအနားကို အခြားသောကာလတွင်ပြုလုပ်လေ့မရှိပဲ ဝါခေါင်လတွင်သာ ပြုလုပ်ရသည့်အကြောင်းမှာ ဝါခေါင်လ သည် မိုးများသော ရာသီဖြစ်၍ အအေးလဲပိုသောကြောင့် ရောဂါများလည်းဖြစ်လွယ်ကာ သည်လတွင် ကလေးသူငယ်များ နာမကျန်းများစွာဖြစ်တတ်ကြသည်။ ဤသို့ နာမကျန်းဖြစ်ရခြင်းမှာ မိမိတို့ ကလေးသူငယ်များ၏ ဝိဉာဉ်လိပ်ပြာများသည် ကာယကံရှင်၌ မကပ်နေပဲ လွင့်ပါးသွားသည့်အခါ ပြင်ပမှ မကောင်းဆိုးဝါးများ၏ ဝိဉာဉ်လိပ်ပြာများ ဝင်ရောက်ပူးကပ်ပြီး မှီခိုစားသောက်ခြင်းကြောင့်ဟု ယူဆကြသည်။ထို့ကြောင့် ဝိဉာဉ်လိပ်ပြာစုံလင်သော ဝါခေါင်လ၌ မိမိတို့ ခလေးသူငယ်များ၏ လိပ်ပြာဝိဉာည်များ ပြန်လည်ပူးကပ် ရောက်ရှိစေရန် လိပ်ပြာခေါ်သည့် အနေဖြင့် လက်ကောက်ဝတ်တွင် “ချည်ဖြူဖွဲ့”ပေးခြင်းဖြစ်သည်ဟု ဆိုကြသည်။ထို့သို့ဝါခေါင်လရောက်တိုင်း ချည်ဖြူဖွဲ့ပေးခြင်းဖြင့် လွင့်ပါးနေသော စိတ်များ တည်ငြိမ်မှုရှိလာအောင်၊ သူတစ်ပါးတို့၏ လိမ်လည်လှည့်ဖျားမှုတို့မှ ကင်းဝေအောင်နှင့် ကျန်းမာရေးသုခပြည့်စုံပြီး စီးပွားဉစ္စာတိုးတက်အောင် စွမ်းဆောင်နိုင်သည်ဟု ဆိုကြသည်။

  ဝါခေါင်လ“ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား”ပွဲတော်ကျင်းပပြုလုပ်ရာတွင် သက်ကြီးဘိုးဘွားများက ဦးဆောင်ကျင်းပပြုလုပ်ကြပြီး လိုအပ်ပါဝင်သော အဓိက အသုံးအဆောင်ပစ္စည်းများမှာ (၉)မျိုးဖြစ်ပါသည်။၎င်းတို့မှာ- စကော၊ယောက်မ၊ထမင်း(၇)ဆုပ်၊ ကောက်ညှင်းဖင်ချွန်(၂)ထုပ်စည်း (၇)ထုပ်၊  ငှက်ပျောသီးမှည့်(၇)လုံး၊နတ်ပန်းညို(၇)ခက်၊ ကြံပိုင်း(၇)ပိုင်း၊ ရေတစ်ခွက်၊ တစ်တောင်ခန့် ရှည်သော ချည်ဖြူ/ချည်နီများဖြစ်သည်။ ပါဝင်ပစ္စည်း(၉)မျိုး အနက် တစ်ခုချင်းစီ၏ အဓိပ္ပာယ်ကို ဤသို့ဖွဲ့ဆိုထားသည်။

              (၁)စကော

              မကောင်းသောအရာများကို ဝိုင်းအပြင်သို့ စွန့်ဖယ်ကာ ကောင်းသောအရာများကို  စုစည်းပေးခြင်း

              (၂)ယောက်မ

              အရသာပေါင်းစုံကို မျှတအောင်မွှေကာ ပေါင်းစပ်ပေးကာ မိသားစုအတွင်းဆင်းရဲချမ်းသာမှုကို မျှတသောစိတ်ဖြင့် ဖေးမကူညီရိုင်းပင်း၍ မျှဝေခံစားစေလိုခြင်း

              (၃)ထမင်းဆုပ်

      ထမင်းဆုပ်ကို ကရင်ဘာသာဖြင့်” “မင်ထုံဒူး”ဟု ခေါ်ကြ၍  “မင်”ဆိုသသည်မှာ ထမင်းကိုခေါ်ဝေါ်ပြီး “ထုံဒူး”ဆိုသည်မှာ ဆုပ်ကိုင်ခြင်း စုစည်းခြင်း၊သွေးစည်းခြင်းဟု အဓိပ္ပာယ်ရပြီး အချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်ကြသည်ဟု  အတိတ်နမိတ်ယူခြင်း၊  ကျွန်ုပ်တို့သည် အားအင်ရှိရန် ထမင်းကို နေ့စဉ်စားသုံးကြရပါသည်။ ထမင်းစားမှအားရှိပါမည်၊ အားရှိမှအလုပ်လုပ်နိုင်မည်။ထို့ကြောင့် ကျွန်ုပ်တို့  ကရင်လူမျိုး အချင်းချင်း ထမင်းခွံကျွေးကြပါစို့ဟူ၍ အဓိပ္ပာယ်ဖွဲ့ဆိုခြင်းဖြစ်သည်။

 (၄)ကောက်ညှင်းဖင်ချွန်(၂)ထုပ်စည်း(၇)ထုပ်

              နှစ်ထုပ်ကို တစ်စည်းတွဲထားရခြင်းမှာ နှစ်နှစ်ကာကာ စုပေါင်းနေထိုင်ကြခြင်း၊ ကောက်ညှင်းသည် စေးကပ်သောသဘောရှိ၏။ ထို့ကြောင့် ကရင်လူမျိုးများလည်း ကောက်ညှင်းပမာ               စည်းလုံးတည်တံ့ခိုင်မာသည့် စိတ်နှလုံးရှိသည့် သဘောကို ဖော်ဆောင်ပါသည်။

              (၅)ငှက်ပျောသီး

              ငှက်ပျောသီးသည် အခိုက်လိုက် အဖီးလိုက်တွဲ၍ သီးသော အသီးဖြစ်သည်။ဌက်ပျော်သီးကို  ပိုးကရင်ဘာသာဖြင့် “သာကွီသား”ဟု ခေါ်ဝေါ်ကြကာ “သာကွီ”ဆိုသည်မှာ  စိတ်ထားဖြူစင်ခြင်း၊ နှစ်နှစ်ကာကာသံယောဇဉ်ရှိခြင်းဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ကရင်လူမျိုးများသည် ငှက်ပျောသီး ကဲ့သို့ပင် တစ်ဖီးတစ်ခိုင်တည်း စုစည်းကြကာ ဥမကွဲသိုက်မပျက်နေထိုင်ကြသည့် သဘောဖြစ်သည်။

              (၆)နတ်ပန်းညို

              နတ်ပန်းညို၏ အမြစ်သည် ရှည်လျာစွာ မြေကြီးထဲသို့ပေါက်ကာ တော်ရုံဆွဲနုတ်သတ်၍   မသေနိုင်ကာ အမြစ်များသည်လည်း ဆက်နွယ်ကာ တစ်အုံတစ်ခိုင်ရှိကာ        မည်သည့်နေရာမဆို ပေါက်ရောက်နိုင်ပြီး ရာသီဥတုအန္တရာယ်ကိုလည်း ကြံကြံခံနိုင်ကာ အပင်ဆွေးမြေ့သွားသော်လည်း အချိန်တန်လျှင် အမြစ်မှပြန်လည်ပေါက်တတ်သည့် သဘောရှိသည်။ ၎င်းအပင်သည် မိမိအပင် ရှင်သန်နိုင်ရေးအတွက် အမြစ်များကို ကျယ်ပြန့်စွာ ထိုးထွက်ကာရောက်လေရာမှာ အပင်ဆင့်ကဲဆင့်ကဲပေါက်သဖြင့် တော်ရုံနှင့်သတ်၍လည်းမသေနိုင် မျိုးပြုတ်၍မျိုးမသုဉ်းနိုင်ပါ။

              (၇)ကြံပိုင်း

              ကြံသည် အဆစ်တိုင်းတွင် အပင်ပေါက်နိုင်သဖြင့် မျိုးဆက်ပျံ့ခြင်းနှင့်  အမျိုးအနွယ်တွယ်တာစောင့်ထိန်းခြင်း သဘောကို ဆောင်သည်။ကြံသည်  တစ်ဆင့်ပြီးတစ်ဆင့် အထက်သို့ ထိုးတက်သကဲ့ သို့ ကရင်လူမျိုးများသည်လည်း ကြံပင်ကို  ပမာပြုကာ ဘဝတိုးတက်ရေးကို ကြိုးစာကြကာ ကြံသည် ချိုသောအရသာရှိသောကြောင့် ကရင်လူမျိုးများ၏ အပြုံးက ချိုသာပြီး ဖြူစင်ဖြောင့်မတ်သော စိတ်ထားရှိသည်ဟု သဘောကို ဆောင်ပါသည်။

              (၈)ရေတစ်ခွက်

              ရေသည် လူသားများအတွက် မရှိမဖြစ်လိုအပ်သော အသက်သခင်ကျေးဇူးရှင်ဟု  သတ်မှတ်၍အတိတ်နမိတ်ယူကြသည်။ရေသည်အေးမြကြည်လင်သကဲ့သို့  ကရင်တိုင်းရင်းသားတို့၏ ဘဝခရီးသည်လည်း ရေကဲ့သို့ပမာ အေးမြကြည်လင်စေရန်  ရည်ရွယ်သည့် အဓိပ္ပာယ်ကို ဆောင်ပါသည်။

(၉)ချည်ဖြူ/ချည်နီ

              တစ်တောင့်ခန့်ရှည်သော ချည်ဖြူချည်နီကို လက်ကောက်ဝတ်တွင် ချည်ဖွဲ့ထားခြင်းအကြောင်းမှာ ချည်တစ်ပင်ကို ဆွဲဖြတ်နိူင်သော်လည်း ချည်များကို  စုဖွဲ့ချည်နှောင်ထားလျှင် ဖြတ်ရခက် ပါသည်။ ထို့ကြောင့်  ကရင်တိုင်းရင်းသားညီနောင်များသည် ချည်များပမာ အချင်းချင်း စုစည်းနိုင်ကြရမည် သဘောဖြစ်ပါသည်။

     သို့ဖြစ်၍နှစ်စဉ်ဝါခေါင်လတွင်ကျင်းပမြဲဖြစ်သော  “ချည်ဖြူဖွဲ့”လက်ချည်ရခြင်းသည် စုပေါင်း ညီညာစွာ  အချင်းချင်းပြန်လည်စုံစည်းနိုင်ရေး၊ စည်းလုံးညီညွတ်ရေး၊ ကျစ်လစ်ခိုင်မာရေး၊ ကျန်းမာ ကြံခိုင်ရေး၊ အေးချမ်းသာယာရေး၊ ဖွံဖြိုးတိုးတက်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ မျိုးနွယ်တည်တံ့ နိုင်ရေး၊ ချစ်ခင်ရင်းနှီးရေးနှင့် ကပ်ဘေးရန်ကင်းဝေးရေးအတွက်  မိမိတို့ ဘိုးဘွား မိဘတို့၏ ချစ်ခင် ကြင်နာလှသော မေတ္တာတရားအရိပ်အောက်သို့ ရောက်ရှိနိုင်ကြစေရန် ရည်ရွယ်၍ ကရင်တိုင်းရင်းသားများ အားလုံး ကို“ပြူးလာ- ပြူးလာ”ဟု အစချီ၍ ဆုမွန်ကောင်းတောင်း ပေးသော ချစ်စရာ ကရင်တိုင်းရင်းသားတို့၏ ရိုးရာလက်ချည်ပွဲ (ချည်ဖြူဖွဲ့) မင်္ဂလာ သို့မဟုတ် လိပ်ပြာခေါ်ပွဲ အကြောင်းအား ရေးသားဖော်ပြပါသည်။

DOCA(ကရင်)