စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များ၊ သင်တန်းကျောင်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောလျက်ရှိပါသည်။
တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲ တာဝန်ခံ ဦးမင်းဇော်နှင့် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးတို့သည် ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် မြို့လှမြို့ ဇော်ဆန်စက်မှ စက်ပိုင်ရှင်နှင့်လုပ်သားများအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန်ပြဌာန်းချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ကြပါသည်။
ဆက်လက်၍ ဟောပြောပွဲတက်ရောက်သည့် စက်ရုံလုပ်သားများက သိရှိလိုသည်များကို မေးမြန်းကြရာ ဌာနခွဲတာဝန်ခံ ဦးမင်းဇော်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ စက်ရုံပိုင်ရှင် ဦးဇော်ဇော်နှင့် စက်ရုံအလုပ်သမား ၂၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)