Main menu

မော်လမြိုင်မှ ထုတ်လုပ်သည့်အထည်ချုပ် (ခေါ်) အောင်မြင်နေသည့် အသေးစားလုပ်ငန်း

Powered by Drupal
Fri, 09/08/2023 - 10:38 -- consumer_admin

     မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း စက်ချုပ်ပညာဖြင့် အသေးစားအထည်ချုပ်လုပ်ငန်းကို မိမိတို့အိမ်၌အလုပ်ရုံသဖွယ် စီမံဆောင်ရွက်လျက် စီးပွားရေးလုပ်ငန်း အထည်ချုပ်လုပ်ငန်းများရှိသည်။  ထိုအထည်ချုပ်လုပ်ငန်းကို အမျိုးသမီးများကဦးဆောင်၍ လုပ်သားများခန့်အပ်ပြီး လုပ်ကိုင်နေသူများဖြစ်ကြသည်။ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်၊ လှိုင်ရပ်ကွက်တို့တွင် အထည်ချုပ်လုပ်ငန်း (၇)ခု ရှိသည်။

   စက်ချုပ်ပညာသည် လူ့တို့အတွက် အလှအပဆင်မြန်းခြင်း၊ ခေတ်နှင့်အညီ ဖန်တီဆန်းသစ်ခြင်း၊ မြန်မာအမျိုးသမီများဘဝ၏ အသက်မွေးဝမ်းကျောင်းအတွက်လွန်စွာကောင်းမွန်ခြင်း အတတ်ပညာရပ်တစ်ခုဖြစ်သည်။ ယခင်က စက်ချုပ်ပညာရပ်ကို ဝါသနာပါသူများ၊  အိမ်ထောင်ရှင် အမျိုးသမီးများ တစ်ဖက်တစ်လမ်းမှ အိမ်တွင်းကုန်ကျစရိတ် သက်သာစေလိုကြောင်း လေ့လာ ဆည်းပူးကြသည့် အတတ်ပညာရပ်တစ်ခုဖြစ်ပါသည်။ ယနေ့ခေတ်တွင် စက်ချုပ်ပညာဖြင့် စီးပွား ရေးလုပ်ငန်းကို လုပ်ကိုင်လာသူပိုမိုများလာမှုတွေ့ရှိရပါသည်။ ထိုကဲ့သို့ မြန်မာအမျိုးသမီးများအနေ ဖြင့် မိမိတို့အိမ်တွင် မိသားစုနှင့်အတူတကွ တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွားစေရေး၊ မိသားစု စားဝတ်နေရေးဖူလုံရေးတို့အတွက်ရရှိရန် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော အထည်ချုပ်လုပ်ငန်း ကို ဦးစီး၍ အသေးစားစီးပွားရေးလုပ်ငန်းများကို တွယ်ကျယ်စွာလုပ်ကိုင်ခြင်း ဖြစ်ပါသည်။

ကုန်ကြမ်းပစ္စည်း ဝယ်ယူခြင်း

          မော်လမြိုင်မြို့အထည်ချုပ်အသေးစားလုပ်ငန်း၌ လိုအပ်သည့်ကုန်ကြမ်းပိတ်စကို ယိုးဒယား မဲဆောက်မြို့၊ မြဝတီမြို့နှင့် ရန်ကုန်မြို့ဘက်ခြမ်းမှ ဝင်ရောက်သော ပိတ်သား (စပန့်၊ ကော်တွန်၊ ပါထိုင်း)တို့ကို အသုံးပြုသည်။ ကီလိုဂရမ်ချိန် ဈေးနှုန်းဖြင့်လည်းကောင်း၊ ဈေးနှုန်းအားဖြင့် တစ်ထောင်စမှ သုံးထောင်စပိတ်ဖြတ်  တစ်ကီလိုကို ၄၅၀၀ကျပ်မှ ၆၅၀၀ကျပ်အတွင်းရှိပြီး၊ တစ်ကိုက်စမှ ၄ကိုက်စပိတ်ဖြတ် တစ်ကီလိုကို ၇၀၀၀ ကျပ်မှ ၈၅၀၀ကျပ်အတွင်း၊ နှစ်ကိုက်စမှ ကိုက်ရှည်၂၀ပါပိတ်စ တစ်ကီလိုကို ၁၀၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်အတွင်း အပွင့်အဆင်၊ ကာတွန်း ရုပ်အဆင်များဖြင့် ဈေးနှုန်းကွာခြားမှုရှိသည်။  ကိုက်ဖြတ်ဝယ်ယူလျှင် ဈေးနှုန်းအားဖြင့် ပိတ်စ အဆင် ကာလာစုံ၊ ဒီဇိုင်းစုံ ရွေးချယ်ဝယ်ယူ၍ရသည်      တစ်ကိုက်ကို ၂၅၀၀မှ ၃၀၀၀ကျပ် အတွင်း ပိတ်စအမျိုးအစားပေါ် မူတည်၍ ဈေးနှုန်းကွာခြားချက်ရှိပါသည်။ ထိုပိတ်စများကို ဝယ်ယူ၍ အထည် ချုပ်လုပ်ငန်း၏ ကုန်ကြမ်းအဖြစ် အသုံးပြုခြင်းဖြစ်ပါသည်။

လုပ်ငန်းလည်ပတ်မှုနှင့် လုပ်သားခရရှိငွေ

     လုပ်သားများသည် မနက် ၇နာရီမှ ၅ နာရီအထိ အလုပ်ချိန်ကို သတ်မှတ်၍ လုပ်ကိုင်ကြသည်။ ချုပ်သည့်အထည်ပေါ်မူတည်၍ ချုပ်ထည်အမျိုးအမည်များမှာ အမျိုးသမီးဝတ် အင်္ကျီနှင့်ဘောင်းဘီရှည် (ဝမ်းဆက်)၊  အင်္ကျီနှင့်ဘောင်းဘီတို (ဝမ်းဆက်)၊ ဂါဝန်ရှည်၊ ခေါင်းစွပ် လက်တိုအင်္ကျီ၊ ခေါင်းစွပ် လက်ပြတ် အင်္ကျီ၊  ကလေးကျား/မဝတ် ဝမ်းဆက်စုံ၊ အမျိုးသားဝတ် ဂျိုင်းပြတ်စွပ်ကျယ်၊ အမျိုးသားဝတ် ဘောင်းဘီတို(ပိုးကြိုးပါ)အထည်များ ချုပ်လုပ်သည်။ ဒီဇိုင်းဆွဲ ပိတ်ညှပ်သူမျးအနေဖြင့်  ပိတ်စကိုသေချာစနစ်တကျထားပြီးမှ ကသလောက်(အင်္ကျီပုံစံ)ကို ထပ်တူညှပ်ရသည်။ အထည်တစ်ခုလုံးတွင် ပါဝင်မည့် လိုအပ်ပစ္စည်းများကို သေချာစွာ ပြုလုပ်ပေးရသည်၊ အထည်ချုပ်သည့်လုပ်ငန်းတွင် အထည်ညှပ်သူများသည် ဝင်ငွေအများဆုံးရသူဖြစ်သည်၊ အထည်အရေအတွက်ပေါ်မူတည်၍ ရရှိသဖြင့် တစ်နေ့ကို  လုပ်သားခရငွေ ၆၀၀၀ကျပ်မှ ၁၀၀၀၀ ကျပ်အထိရရှိသည်။  ၎င်းမှတစ်ဆင့်ချုပ်လုပ်သူထံသို့ ရောက်ရှိပြီး ရိုးရိုးအပ်ချုပ်စက်ဖြင့်သော်လည်းကောင်း၊ မော်တာအပ်ချုပ်စက်ဖြင့်လည်းကောင်း အသုံးပြု၍ အထည်ချုပ်ကြသည်။ ချုပ်ရိုးချုပ်သားခိုင်ခံ့မှု၊ သပ်ရပ်မှု၊ အပ်ချည်မကျော်စေရန် အထည်ချုုပ်ရသည် အထည်အရေ အတွက်ပေါ်မူတည်၍ အထည်ချုပ်သူ လုပ်အားခမှာ တစ်နေ့တာ လုပ်အားခရငွေ ၄၀၀၀ကျပ်မှ ၈၀၀၀ကျပ်အတွင်းရရှိသည်။ ထိုမှချုပ်ပြီး သားအထည်ကို မီးပူတိုက်၍ အချောသတ် အိတ်သွပ်ရသည် ၎င်းပြုလုပ်သူ လုပ်အားခ တစ်နေ့ တာရငွေ ၄၀၀၀ကျပ်နှင့် ၇၀၀၀ကျပ်အတွင်းရရှိသည်။  အထည်ချုပ်လုပ်ငန်းတွင် အလုပ်လုပ်ကြသူအားလုံးသည် အမျိုးသမီးများဖြစ်ကြသည်။ လုပ်သားများအနေဖြင့် လုပ်ကိုင်မှုကွဲပြား၍ ရရှိသည့်ဝင်ငွေလည်းကွဲပြားမှုရှိသည်။

အထည်စုံနှင့်ဈေးနှုန်းအခြေအနေ

    ချုပ်ထည်အမျိုးအမည်များနှင့်ဈေးနှုန်းအခြေအနေမှာ အမျိုးသမီးဝတ် စပန့်ပိတ်သား အင်္ကျီနှင့်ဘောင်းဘီရှည် (ဝမ်းဆက်) ဆိုဒ်စုံကို ကျပ် ၆၀၀၀ကျပ်မှ ၆၅၀၀ကျပ် ဆိုဒ်စုံ၊  စပန့်ပိတ်သား အင်္ကျီနှင့်ဘောင်းဘီတို (ဝမ်းဆက်)ဆိုဒ်စုံကို ၄၅၀၀ကျပ်မှ ၄၈၀၀ကျပ်အတွင်း၊ စပန့်ပိတ်သား ဂါဝန်ရှည် (ဆိုဒ်စုံ)တစ်ထည်ကို    ၆၀၀၀ကျပ်မှ ၆၅၀၀ကျပ်၊    ခေါင်းစွပ်လက်တို အင်္ကျီ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်အတွင်း၊  စပန့်ပိတ်သား ခေါင်းစွပ် လက်ပြတ် အင်္ကျီ (ဆိုဒ်စုံ)၃၀၀၀ ကျပ်၊   စပန့်ပိတ်သား ကလေးကျား/မဝတ် ဝမ်းဆက်စုံ ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ် ၊ စပန့်ပိတ်သား အမျိုးသားဝတ် ဂျိုင်းပြတ်စွပ်ကျယ် ၃၀၀၀ကျပ်၊ အမျိုးသားဝတ် ပါထိုင်း ဘောင်းဘီတို(ပိုးကြိုးပါ) အထည် ၃၀၀၀ကျပ်မှ  ၄၅၀၀ကျပ်အတွင်း ဆိုဒ်ကွာခြားမှုကြောင့် အနည်းငယ်ဈေးနှုန်းကွဟမှုရှိသည်။ 

ဈေးကွက်ဖြန့်ချိဆောင်ရွက်မှု

    အထည်ချုပ်လုပ်ငန်းဦးစီးသူမှ အထည်အမျိုးအစားခွဲ၍သတ်မှတ်ပုံဖော်ပြီး ပိတ်ဖြတ်သူ၊ မီးပူတိုက်သူ၊ အထည်ညှပ်သူ၊ အထည်ချုပ်သူ၊ အထည်ကိုအဆင့်ဆင့်ပြုလုပ်၍ ထုပ်ပိုးပြီး နောက်ဆုံး ကုန်ချောဖြစ်သော ကုန်စည်ကို ရောင်းချသူ၊ ဖောက်သည်တို့အား ဖြန့်ဖြူးရောင်းချ၍ ထိုမှတစ်ဆင့်  ရပ်ကွက်မြို့နယ် ဈေးအသီးသီးတွင် ရောင်းချမှုတွေ့ရပါသည်။

    ထိုပစ္စည်းများသည် မော်လမြိုင်မြို့ မြိုင်ရတနာ(၂)ထပ်ဈေး၊ အောက်ဈေး၊ မြိုင်ရတနာလေး ထပ်ဈေး(အပေါ်ဈေး) ဒေါင်းမင်းရပ်ဈေး၊ ဈေးကြိုဈေး၊ သီရိမြိုင်ဈေး၊ ရွေမြိုင်သီရိဈေး၊ အေးသာ ယာဈေးနှင့် ကရင်ပြည်နယ် ဘားအံမြို့ မြို့မဈေး၊ သီရိဈေး၊ အခွန်လွတ်ဈေး၊ လှိုင်းဘွဲ့မြို့၊ ကမ မောင်းမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကော့ကရိတ်မြို့၊ ကမာမောင်းမြို့နယ် အသီးသီးသို့ ဖြန့်ဖြူး ရောင်းချကြသည်။

အထည်ချုပ်လုပ်ငန်း၏အကျိုးအမြတ်ရရှိမှု

       အထည်ချုပ်ရုံ တစ်ခုတွင် လုပ်သား(၄)ဦးနှင့်သော်လည်းကောင်းလုပ်ကိုင်သူရှိသလို၊ လုပ် သား(၅)ဦးမှ (၁၅)ဦးဖြင့် လုပ်ငန်းကို လုပ်ကိုင်သည်များရှိသည်။  စီးပွားရေးလုပ်ငန်းအထည်ချုပ် အလုပ်ရုံတစ်ခု၏လုပ်သား(၁၀)ဦးနှင့် လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းအောင်မြင်သူ အထည် ချုပ်လုပ်ငန်း ကောင်းထက် တံဆိပ်ပိုင်ရှင် ဒေါ်သန်းစိန်အား တွေ့ဆုံ၍ မေးမြန်းခဲ့ပါသည်။ ၎င်းမှ ပြောကြားချက်မှာ ကျွန်မဒီလုပ်ငန်းကို မိသားစုတစ်နိုင်လေးစတင် ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း၊ တစ်ဖြေးဖြေးနဲ့ တိုးမြှင့်ပြီးလုပ်သားများခန့်အပ်လာနိုင်ပြီး လုပ်ငန်းတိုးချဲ့နိုင်ပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်သက်တမ်းနှစ်(၂၀)ရှိပြီဖြစ်ကြောင်း၊ ယခုဆို  လုပ်ငန်းအတွက် ရင်းနှီးငွေ၊ လုပ်သားခ ပေးရငွေတွေကို စီမံလာနိုင်ကြောင်း၊  အထည်ရောင်းရငွေနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု တစ်ခုလုံး၏ အသုံးစရိတ် တစ်လတွက်ချက်မှုများအပေါ် ပြန်လည်ရရှိသည့် အကျိုးအမြတ်မှာ တစ်လလျှင်ငွေကျပ်        ၄၀၀၀၀၀ကျပ်မှ   ၇၀၀၀၀၀ကျပ် အတွင်း ရရှိကြောင်းနှင့် အထည်ချုပ်ရ အရေအတွက် အပေါ်မူတည်၍ ဝင်ငွေကွာခြားမှုရှိပါကြောင်း သိရပါသည်။ ဆောင်းရာသီနှင့်နွေရာ သီများ၌ အထည်ချုပ်ကောင်းသောလများဖြစ်သလို၊ မိုးရာသီတွင် အနည်းငယ်လျော့နည်းမှုလည်းရှိကြောင်း၊   စက်ချုပ်ပညာကို လေ့လာဆည်းပူးသူများလည်းရှိလာကြောင်း၊ စက်ချုပ်ပညာမတတ်သေးသည့် ပညာသင်များကိုလည်း အခမဲ့သင်ကြားပေးနေပါကြောင်း၊ စိတ်ဝင်တစားကြိုးစားလာကြသည့် အတတ်ပညာရှင်များရှိလာပါကြောင်း ပြောကြားမှုအရ သိရှိရပါသည်။

      မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်း လူကြီးလူငယ်ဝတ်ဆင်သူများကြသည့် ပြည်တွင်းချုပ်အထည်ဖြစ်၍ ဈေးကွက်အတွင်းရောင်းချသည့် အထည်ဈေးနှုန်းသက်သာသော၊ ခိုင်ခံ့သော၊ သပ်ရပ်စွာဝတ်ဆင်နိုင်သောအထည်ဖြစ်သည်။ ထို့ကြောင့် ဒေသစီးပွားဖွံ့ဖြိုးမှုတစ်ခုဖြစ်သည်နှင့် အညီဒေသတွင်းပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေများရရှိနေသည့် အထည်ချုပ် အသေးစားလုပ်ငန်းအကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မွန်)