Main menu

အပွင့်၊ အခေါက်၊ အရွက် စွယ်စုံအသုံးဝင်သည့် ဟင်းငုတ် (ခေါ်) သခွပ်ပင်

Powered by Drupal
Tue, 09/12/2023 - 10:14 -- consumer_admin

     သခွပ်ပင်သည် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် ပေါက်ရောက်ပြီး နှစ်ရှည်အပင်ကြီးမျိုးဖြစ်ပါသည်။ အမြင့်ပေမှာ (၃၀) ပေမှ (၅၀) ပေအတွင်းရှိပါသည်။ သခွပ်ပင်မှပွင့်သော ဖြူဖြူဖွေးဖွေး အပွင့်ကားကားသခွပ်ပွင့်ကို ဟင်းငုတ်ပွင့်/ ဟင်းခတ်ပွင့်ဟု ဒေသအလိုက် အမည်အမျိုးမျိုးကွဲပြားခေါ်ဆိုကြသည်။ သခွပ်ပင်တွင် အဖိုပင်နှင့် အမပင်ဟူ၍နှစ်မျိုးရှိသည်။ အဖိုပင်ကို မြန်မာနိုင်ငံအထက်ပိုင်းတွင် အများဆုံးတွေ့ရှိရပြီး အမပင်ကို မြန်မာနိုင်ငံဒေသအနှံအပြား၌တွေ့ရှိရကာ စစ်ကိုင်း၊ ပျဉ်းမနားနှင့် သံတွဲမြို့များတွင် အများဆုံးပေါက်ရောက်တွေ့ရှိရပါသည်။  သခွပ်ပင်ကို ရှေးယခင်က အဆိပ်အားလုံးကိုပြေပျောက်စေ၍ အဆိပ်ပြေပင်ဟုခေါ်ဆိုခဲ့ကြပါသည်။

    သခွပ်ပင်၏ ပင်စည်သည် အခေါက်အပွေးမရှိဘဲ ညီညာဖြောင်းဖြူးပြီး အရွက်မှာ အဖျားချွန်၍ အနည်းငယ်ဝိုင်းပြီး အလျား (၃) လက်မခန့်ရှည်ပါသည်။ အရောင်မှာ အစိမ်းရင့်ရောင်ရှိပါသည်။ သခွပ်ပွင့်မှာ အဖြူရောင်ဖြစ်ပြီး လည်တံရှည်၍ ပဒိုင်းပွင့်နှင့်တူပါသည်။ ပွင့်ဖတ်မှာ နူးညံ့ပြီး အပွင့်အတွင်း၌ ဝတ်ဆံကလေးများပါရှိ၍ အပွင့်မှာ (၂)ပေခန့်အထိရှည်လျားပါသည်။ ဟင်းငုတ်ပွင့်များသည် တန်ခူးလမှ သီတင်ကျွတ်လအထိပွင့်ပြီး မိုးဦးကျချိန်တွင် အများဆုံးပွင့်ကြပါသည်။

ဟင်းငုတ်ပွင့်(ခေါ်)သခွပ်ပွင့်

    ဟင်းငုတ်(ခေါ်)သခွပ်ပွင့်များသည် ဝါဆိုလတွင် လှိုင်လှိုင်ပွင့်လျက်ရှိသည်။ နံနက် စောစောအချိန်တွင် အပင်မှအပွင့်များကြွေကျလေ့ရှိပြီး အဖြူအပြင် အနီရောင်အပွင့်များလည်းရှိပါသည်။ အညာဒေသတွင် အဖြူရောင်အပွင့်များကို အများဆုံးတွေ့ရှိရပါသည်။ ဟင်းငုတ်ပွင့်များကို စားစရာအဖြစ်ပြုတ်၍ အတို့အမြှုပ်အဖြစ်လည်းကောင်း၊ သုပ်စားခြင်း၊ ကြော်ချက်စားခြင်းအပြင် တချို့ဒေသများ၌ သရက်သီးငပိချက်နှင့် နှစ်သက်စွာတွဲဖက်စားသုံးကြပါသည်။ သခွပ်(ခေါ်) ဟင်းငုတ်ပွင့်ကို ဒေသအနှံ့အပြား၌သုပ်၍ အများဆုံးစားသုံးကြသည်။ ကျန်းမာရေးအတွက် အပွင့်ပြုတ်ရေကိုလည်း သောက်သုံးကြပါသည်။

  သခွပ်ပွင့်တွင် ရေငွေ့ဓာတ်များစွာပါသဖြင့် ပုပ်ရိလွယ်တတ်သည်။ ထို့ကြောင့် ကြာကြာအထားခံစေရန် အပွင့်ကို နေရောင်ပြပြီး အခြောက်လှန်း၍ သိမ်းဆည်းရသည်။ အခြောက်လှန်းမည်ဆိုပါက သခွပ်ပွင့်၏ ဝတ်ဆံသည် အလွန်ခါးသဖြင့် အပွင့်အတွင်းမှ ဝတ်ဆံများကိုဖယ်ပြီး အပွင့်ကို ထက်ခြမ်းခွဲ၍ ခြောက်သွေ့အောင် နေပူကျဲကျဲတွင် နှစ်ရက်ခန့်နေလှန်းပေးရသည်။ ဖြူဖြူစွပ်စွပ် သခွပ်ပွင့်သည် နေလှန်းလျှင် အရောင်မည်းသွားပါသည်။ အပွင့်ခြောက်သည် အရောင်မည်းသွားသော်လည်း အရသာပြောင်းလဲခြင်းမရှိကြောင်းသိရှိရပါသည်။ သခွပ်ပွင့်ခြောက်သည် အစာအာဟာရအတွက်လည်းကောင်း၊ ကျန်းမာရေးအတွက်လည်းကောင်း ဆေးဖက်ဝင်သည့်အပြင် လက်ဆောင်ပေးရန်အတွက်လည်း အသုံးဝင်သောအပင်ဖြစ်ပါသည်။

    ယခုအချိန် မိုးဦးကျကာလတွင် သခွပ်ပွင့်များလှိုင်လှိုင်ပေါ်ချိန်ဖြစ်ပါသည်။ အပွင့်များသည် အပင်မှ နံနက်စောစောတွင် ကြွေကျလေ့ရှိ၍ ကျေးရွာဓလေ့အရ နံနက်အာရုံမတက်ခင် စောစောထ ပြီး သူ့ထက်ငါဦးအောင် အပြိုင်အဆိုင်သွားရောက်ကောက်ယူကြပြီး မိသားစုအပိုဝင်ငွေရရှိရေးအတွက် သခွပ်ပွင့်များကို အပွင့်(၂၀)လျှင် (၂၀၀)ကျပ်ဖြင့်ရောင်းချရ၍ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြပါသည်။ ရောင်းချပြီး ကျန်ရှိသည့်အပွင့်များကို အခြောက်လှန်းပြီး ဈေးတန်းများတွင် ရောင်းချလျက်ရှိကြပါသည်။ စားသုံးသူများကလည်း ယခုအချိန်အခါသည် ဝါတွင်းကာလဖြစ်၍ သံဃာတော်အရှင်သူမြတ်များနှင့် ဥပုသ်သီတင်းတည်ဆောက်သူများအား ဆေးဖက်ဝင်သခွပ်ပွင့်များသုပ်၍ ကျွေးမွေးလှူဒါန်းပြုလုပ်ကြကာ ရာသီပေါ်သခွပ်ပွင့်များကို ကျန်းမာရေးဆေးဖက်ဝင်အဖြစ် စားသုံးမှုများလျက်ရှိပါသည်။

ဟင်းငုတ်(ခေါ်)သခွပ်ပင်၏ ဆေးဖက်ဝင်ပုံ

     ဟင်းငုတ်(ခေါ်)သခွပ်ပင်သည် လူတိုင်းအတွက် အပွင့်၊ အရွက်၊ အခေါက်၊ စွယ်စုံအသုံးဝင်သော ဆေးဖက်ဝင်အပင်ဖြစ်ပါသည်။ မြန်မာဆေးကျမ်းများအရ သခွပ်ပွင့်သည် ချို၊ ဖန်၊ ခါး အရသာရှိပြီး အစာကို ကြေညက်စေသည့်အပြင် သွေးလေညီညွတ်ပြီး ပန်းနာရင်ကြပ်ရောဂါကိုလည်းပျောက်ကင်းစေပါသည်။ ၎င်းအပြင် အော့အန်ခြင်း၊ ရောင်ရမ်းခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း၊ သွေးအန်ခြင်း၊ သွေးကျခြင်းရောဂါကိုပျောက်ကင်းစေကြောင်း ဆေးကျမ်းများအရ သိရှိရပါသည်။ သခွပ်ပွင့်ကိုစားသုံးပေးခြင်းဖြင့် အသံဝင်သူများ အသံထွက်လာခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းရောင်အသားဝါ စသည့် အသဲရောဂါအမျိုးမျိုးနှင့် ဆီးချို၊ သွေးချို ရောဂါရှိသူများအတွက် သခွပ်ပွင့်မှာ လွန်စွာဆေးဖက်ဝင်ပါသည်။ ရှေးယခင်နှစ်များစွာကတည်းက ကလေးငယ်များအား ခန္ဓာကိုယ်တွင်း အဆိပ်ကင်းစေရန်အတွက် သခွပ်ပွင့်ကို သုပ်ကျွေးကြကြောင်း လေ့လာသိရှိရပါသည်။

     သခွပ်ပွင့်ကဲ့သို့ အခေါက်နှင့် အရွက်မှာလည်း ဆေးဖက်ဝင်ပါသည်။ အခေါက်သည် အဆိပ်ရှိသောသတ္တဝါများအကိုက်ခံရပါက အခေါက်ကိုသွေးလိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေပြီး မျက်စိနာရောဂါဖြစ်ပါကလည်း အခေါက်ကိုသွေး၍ မျက်လုံးတွင်ကွင်း၍ လိမ်းပေးရပြီး ကိုယ်လက်ကိုက်ခဲခြင်းဖြစ်ပါကလည်း အခေါက်ကိုသွေးပြီး လိမ်းပေးရကြောင်း၊ သခွပ်ပင်၏အရွက်ကိုလည်း ကျန်းမာရေးဆေးဖက်ဝင်အဖြစ် ဟင်းခါးချက်သောက်ကြပြီး ကလေးငယ်များ ရေကျောက်ပေါက်လျှင် အရွက်ပြုတ်ရည်ကိုသောက်သုံးခြင်းဖြင့် ရောဂါပျောက်ကင်းကြောင်း၊ အဆိပ်ရှိသောသတ္တဝါများအကိုက်ခံရပါက သခွပ်ရွက်ကိုထောင်းပြီး အရည်ကို ကိုက်ခံရသည့်ဝန်းကျင်တွင် လိမ်းပေးခြင်းဖြင့် အဆိပ်ပြေကြောင်းသိရပါသည်။ ကျွဲ၊ နွား၊ ဆိတ် တိရိစ္ဆာန်များတွင်လည်း ရောဂါဝင်ရောက်ပါက သခွပ်ရွက်ပြုတ်ရည်ကိုတိုက်ခြင်းဖြင့် ရောဂါပျောက်ကင်းစေပါသည်။ မြန်မာလူမျိုးများသည်‌ ရှေးနှစ်ပေါင်းများစွာကတည်းက “အဆိပ်အားလုံးကိုပြေစေသော ဆေးဖက်ဝင်သခွပ်” ဟု တင်စားခေါ်ဆိုခဲ့ကြကြောင်းသိရှိရပါသည်။

   ဟင်းငုတ်(ခေါ်)သခွပ်ပင်၏ ထူးခြားတဲ့အာနိသင်နှင့် သခွပ်ပွင့်လေးများ၏အသုံးဝင်မှုကြောင့် ကျေးလက်ဒေသတောတောင်များတွင် အရိပ်ရရှိပြီး သခွပ်ပင်သည် ရာသီမရွေး စိမ်းလန်းနေသောအပင်ဖြစ်သည့်အပြင် ကျေးလက်ဒေသခံတချို့သည် သခွပ်ပွင့်များကိုကောက်ယူပြီး အစို/အခြောက်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြပြီး သခွပ်ပင်များသည် ယခုအခါတွင် တောထဲတွင် အလေ့ကျပေါက်ရောက်သည့်အပြင် မိမိအိမ်ခြံမြေနှင့် ယာခင်းခြံစည်းရိုးများတွင် စနစ်တကျမျိုးပွားစိုက်ပျိုးနေကြပါသည်။ သို့ဖြစ်ပါ၍ ဟင်းငုတ် (ခေါ်) သခွပ်ပင်မှ အပွင့်၊ အရွက်၊ အခေါက်အားလုံးသည် လူသားအားလုံးအတွက် ကျန်းမာရေးကို အဖက်ဖက်မှ ကူညီထောက်ပံပေးနိုင်သည့် သဘာဝဆေးဖက်ဝင် တန်ဖိုးရှိသည့်အပင်ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)