သီဟိုဠ်ပင်သည် စိမ်းစိုလှပပြီး အရိပ်ရအပင်တစ်မျိုးဖြစ်သည့်အပြင် အသီးအရွက်များတွင်လည်း လူတို့အတွက် လိုအပ်သောဓာတ်များလည်းပါဝင်ပါသည်။ သီဟိုဠ်စေ့သည် ကမ္ဘာ့အနှံ့အပြား လူတိုင်းနီးပါး နှစ်သက်စွာစားသုံးလျက်ရှိသော အစေ့အဆန်တစ်မျိုးလည်းဖြစ်ပါသည်။ သီဟိုဠ်စေ့တွင် ဗီတာမင်နှင့် ပရိုတင်းဓာတ်များ၊ အမိုင်နိုအက်ဆစ်များနှင့် အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်ပါသည်။ အသီးမှာရင့်မှည့်လျှင် အနီရောင်ရှိပြီး အနံ့မှာ မွှေးကြိုင်၍ ဗီတာမင်စီ များစွာပါဝင်ပြီး အရည်ရွှမ်းသောအသီးများကို ဖျော်ရည်ပြုလုပ်၍ သောက်သုံးကြပြီး တချို့မှာ အသီးကိုပါးပါးလှီး၍ ဆားဖြင့်တို့၍လည်းစားသုံးကြပါသည်။ သီဟိုဠ်အရွက်အနုများကိုသုပ်၍ စားသုံးကြသကဲ့သို့ တို့စရာအဖြစ်လည်းစားသုံးကြပါသည်။ သီဟိုဠ်အစေ့ကို အဓိကထွက်ကုန်အနေဖြင့် ရည်ရွယ်၍စိုက်ပျိုးကြပါသည်။
မူရင်းဒေသ
သီဟိုဠ်ပင်သည် တောင်အမေရိက၊ ဘရာဇီးနိုင်ငံမြောက်ပိုင်းမှစတင်ကာ အိန္ဒိယနိုင်ငံနှင့် အာရှတိုက်အတွင်း ဗီယက်နန်နိုင်ငံတို့မှတစ်ဆင့် အာဖရိနိုင်ငံအနှံ့အပြား၌ စိုက်ပျိုးလာကြခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
မျိုး
အပူပိုင်းသစ်တောများတွင် အမြဲစိမ်းလန်းစေရန်အတွက် သီဟိုဠ်ပင်အရိုင်းများ (Anacardium Occidentale) ကိုစိုက်ပျိုးကြသည်။ အမြင့် (၃၀)မီတာ(ပေ ၁၀၀)အထက်မြင့်သော သီဟိုဠ်ပင်အရိုင်းများကို စားသုံးခြင်းနှင့် သစ်တောများအတွက်သာမက သစ်ထုတ်ရန်အတွက်လည်း ရည်ရွယ်၍စိုက်ပျိုးကြကြောင်းနှင့် အထွက်နှုန်းတိုးစေပြီး အရည်အသွေးပြည့်မီသော သီဟိုဠ်စေ့များရရှိရန်အတွက် မျိုးကောင်းမျိုးသန့်များထုတ်လုပ်လာကြပါသည်။ ယခုအခါ စီးပွားဖြစ် အများအပြားစိုက်ပျိုးလာကြသောမျိုးမှာ (Anacardium Occidentale) အပင်ပုမျိုးဖြစ်ပြီး အမြင့် (၆)မီတာ (ပေ ၂၀)သာရှိသောမျိုးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
ရာသီဥတု
သီဟိုဠ်ပင်သည် အပူပိုင်းအမြဲစိမ်းအပင်ဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံး ပူနွေးသောအပူချိန်နှင့် မျှတသောမိုးရေချိန်ရရှိရန်လိုအပ်ပြီး ပျမ်းမျှအပူချိန် (၂၅.C) နှင့် တစ်နှစ်ပတ်လုံး ပျမ်းမျှအားဖြင့် မိုးရေချိန် (၁၅၀၀-၂၀၀၀)ရရှိသောဒေသများတွင် ကြီးထွားမှုလျင်မြန်ကြောင်းသိရှိရပါသည်။ အမြစ်ပိုင်းကြီးထွားမှုအားကောင်းသောအပင်ဖြစ်သည့်အတွက် အပူချိန်မြင့်မားပြီး ခြောက်သွေ့သောရာသီဥတုကို ခံနိုင်ရည်ရှိသောအပင်မျိုးလည်းဖြစ်ပါသည်။ အသီးအထွက်နှုန်းကောင်းရန် (၄-၆)လခန့် ခြောက်သွေ့သောရာသီဥတုကိုလိုအပ်ပြီး အလင်းကြိုက်နှစ်သက်သောကြောင့် နေအလင်းရောင်တိုက်ရိုက်ရရှိရန် တစ်ရက်လျှင် (၆)နာရီ (၁၂)နာရီခန့်လိုအပ်ကြောင်းသိရှိရပါသည်။
မြေအမျိုးအစား
သဲဆန်သောမြေတွင် ကောင်းစွာရှင်သန်နိုင်သောအပင်ဖြစ်သော်လည်း အထွက်နှုန်းတိုးစေရန်အတွက် PH 5.5-7.5 ရှိမြေမျိုးတွင် စိုက်ပျိုးသင့်ပြီး PH 8.0 ထက်ကျော်လွန်သော မြေမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းမှုမရှိကြောင်းလည်းသိရှိရပါသည်။
စိုက်ပျိုးခြင်း
လတ်ဆက်မှုရှိသော သီဟိုဠ်စေ့များသည် အလွယ်တကူအညှောင့်ပေါက်ပြီး အပင်ပေါက်နိုင်စွမ်းမြင့်မားသော အပင်ဖြစ်သောကြောင့် ငှက်များမှတစ်ဆင့် တစ်နေရာမှ တစ်နေရာသို့ ပေါက်ရောက်ရှင်သန်နိုင်ပါသည်။ တောင်သူများအနေဖြင့် စိုက်ပျိုးမြေများ၊ တောင်စောင်းများကိုရှင်းလင်း၍ စိုက်ကျင်းတူးပြီး စိုက်ကျင်းများတွင် မေလ၌ စိုက်ပျိုးကြပါသည်။ တစ်ကျင်းလျှင် (၂)စေ့မှ (၃)စေ့အထိထည့်၍ စိုက်ပျိုးကြပြီး အပင်ကြီးထွားမှုကိုကြည့်၍ သန်မာကောင်းမွန်သော တစ်ပင်ကိုရွေးခြယ်၍ ကျန်အပင်များကို ဖယ်ရှားပစ်ရကြောင်းသိရှိရပါသည်။
ပျိုးထောင်၍ စိုက်ပျိုးကြသူများမှာ အရည်အသွေးကောင်းမွန်သော နှစ်ချင်းမျိုးစေ့များကို ပျိုးအိတ်တွင် (၃-၄)စေ့ထည့်ကာ စိုစွတ်သောမြေနှင့် (၄)ရက်အကြာထိတွေ့ပြီးနောက် မျိုးစေ့များ စတင်အညှောင့်ထွက်လာလျှင် အပင်ကြီးထွားမှုကောင်းပြီး သန်မာသောအပင်တစ်ပင်သာချန်၍ ကျန်အပင်များကိုနှုတ်ပယ်ရကြောင်းသိရပါသည်။ ပျိုးပင်ငယ်များကို ပျိုးသက် (၃-၄)လကြာမှသာ စိုက်ကျင်းအတွင်းသို့ ပြောင်းရွေ့စိုက်ပျိုးကြောင်းနှင့် စိုက်ပျိုးသည့်အခါ ရေသောက်မြစ်ကို ထိခိုက်မှုမရှိစေရန် သတိပြုစိုက်ပျိုးကြရပါသည်။
မျိုးစေ့များကို ရင့်မှည့်သောအသီးများမှ ရွေးချယ်ပြီး အစေ့များခြောက်သွေ့စေရန် (၃)ရက်နေလှန်း၍ အညှောင့်မဖောက်ခင် တစ်ညကြိုတင်၍ ရေစိမ်ရပြီးမှသာ အစေ့ချပျိုးထောင်ကြောင်းသိရှိရပါသည်။ ရင့်မှည့်ပြီးသည်မှ (၄)လခန့်ရှိသော မျိုးစေ့များသည် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပါသည်။ မျိုးစေ့ချစိုက်ပျိုးခြင်းများရှိသကဲ့သို့ ကြိုက်နှစ်သက်ရာမျိုးအား မြေထုပ်စည်းစိုက်ပျိုးခြင်းဖြင့်လည်း စိုက်ပျိုးကြပါသည်။ မေလနှင့် ဇွန်လတို့တွင်လည်း စိုက်ပျိုးကြပြီး ယခုအခါ ပြည်ခရိုင်အတွင်း သီဟိုဠ်စိုက်ပျိုးသည် ရွှေတောင်မြို့နယ်ရှိ သီဟိုဠ်စိုက်ခင်းများတွင် ပင်ကြား/ တန်းကြား (၁၅)တောင်အကွာစိုက်ပျိုးကြပြီး တစ်ဧကလျှင် အပင်(၄၀)ဝင်ဆံ့ကြောင်းသိရှိရပါသည်။
အပင်ပြုစုခြင်း
စိုက်ပျိုးပြီး (၃)နှစ်ကြချိန်တွင် အပင်ကြီးထွားမှုနှုန်းမြန်ဆန်၍ အပင်သန်မာလာသောအခါ အပင်၊ အရွက်များမှာ တစ်ပင်နှင့်တစ်ပင်ထိလာပြီး ပထမနှစ်တွင် မြေမှ အပင်အမြင့် တစ်မီတာခန့် အပင်၏ပင်စည်မှ ဘေးထွက်နေသော ကိုင်းများကိုဖယ်ရှားပစ်ရပါသည်။ အပင် အတွင်း ကွေးဝင်နေသောကိုင်းများကိုလည်းဖြစ်တောက်ရပြီး အပင်ငယ်ချိန်၌ လေကြောင့် အပင်ယိုင်လဲမှုမရှိအောင်လည်း ဂရုစိုက်ရပါသည်။ စိုက်ပျိုးပြီးချိန်မှ (၃-၄)နှစ်အတွင်း ကိုင်းသေ၊ ကိုင်းခြောက်များရှင်းလင်းခြင်း၊ အပင်အတွင်းသို့တိုးဝင်နေသော ကိုင်းတို့ကိုဖယ်ရှားပေးခြင်းဖြင့် အပင်ကိုပို၍ကျန်းမာစေပါသည်။ ကိုင်းပြုပြင်ခြင်းကို ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ပြုလုပ်သင့်ပြီး ဖြတ်တောက်ပြီးသော ကိုင်းထိပ်တို့ကို ထုံးသုတ်ပေးရပါသည်။ အပင်သက်တမ်း (၄)နှစ်ကျော်လာလျှင် ကိုင်းဖြတ်ပေးရန်မလိုကြောင်းသိရပါသည်။ အပင်ငယ်ချိန်တွင် ရှင်သန်ကြီးထွားရန်အတွက် ရေရရှိရန်လိုအပ်ပါကြောင်း ခြောက်သွေ့သောရာသီတွင် အပင်တစ်ပင်လျှင် ရေ(၁၈၀၀)လီတာ (၂)ပတ်လျှင် တစ်ကြိမ်လိုအပ်ပါသည်။
ပထမနှစ်နှင့် ဒုတိယနှစ်တွင် ပွင့်သောပန်းများကို ခြွေပစ်ပြီး အသီးမယူဘဲ တတိယနှစ်မှစ၍ အသီးယူပါသည်။ အသီးအထွက်နှုန်းကောင်းစေရန် (၂)ပတ်လျှင်တစ်ကြိမ် ရေသွင်းပေးခြင်းတို့ကို ခြောက်သွေ့သောရာသီတွင် ပြုလုပ်ပေးရပါသည်။ ရေသွင်းသည့်အခါ ရေဝအောင်သွင်း၍ အပေါ်ယံမြေမျက်နှာ (၂)လက်မအထက်ထိ ခြောက်သွေ့သောအခါမှသာ ရေထပ်သွင်းပေးခြင်းသည် ထိရောက်သောရေသွင်းနည်းဖြစ်ပါသည်။ ရေသွင်းခြင်းများလျှင် အပင်သေဆုံးနိုင်ပြီး အပင်ခြေတွင် ရေမဝပ်စေရန်လည်း သတိပြုရန်လိုအပ်ကြောင်းသိရှိရပါသည်။
ဓာတ်မြေဩဇာကို မေလ၊ ဇွန်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ထည့်သွင်းပေးခြင်းဖြင့် အထွက်နှုန်းတိုးစေပါသည်။ စိုက်ပျိုးပြီးသည်မှစ၍ တစ်နှစ်၊ နှစ်နှစ်ကာလအတွင်း အပင်များကြားတွင် ကြားသီးနှံစိုက်ပျိုးနိုင်ပြီး အပင်ပေါ်သို့ အရိပ်ကျစေသောသီးနှံပင်များကို စိုက်ပျိုးရန်မလိုအပ်ကြောင်းသိရှိရပါသည်။
ပန်းပွင့်ခြင်းမှ ခူးဆွတ်ခြင်း
သီဟိုဠ်ပန်းပွင့်ချိန်သည် ရာသီဥတုအခြေအနေပေါ်မူတည်၍ အပင်တစ်ပင်နှင့်တစ်ပင် မတူဘဲ ပြောင်းလဲမှုရှိပါသည်။ ပန်းပွင့်ကာလသည် အနည်းဆုံး(၃)လကြာမြင့်ပြီး အပူချိန်မြင့် သောကာလတွင် ပန်းပွင့်စော၍ အဖိုပွင့်နှင့် လိင်စုံပန်းပွင့်များပါသော ပန်းအခိုင်လိုက်/ အစုလိုက်ပွင့်ပါသည်။ အင်းဆက်များဝတ်မှုန်ကူးပြီး (၆)ပတ်၊ (၈)ပတ်အကြာတွင် အသီးများစတင်သီးလာပါသည်။ အသီးသည် အစေ့မှစတင်ကာ အသီးဖြစ်ပေါ်လာပြီး (၂)ပတ်အကြာ အသီးရင့်မှည့်ချိန်တွင် ခူးဆွတ်ရပါသည်။ သီဟိုဠ်အစေ့များကို အသီးခူးကာလအတွင်း နေ့စဉ် ရင့်မှည့်နေသောအသီးများကိုခူးဆွတ်၍ (၄)ရက်၊ (၅)ရက်နေလှန်းအခြောက်ခံ၍ သိမ်းဆည်းရပါသည်။ သီဟိုဠ်စေ့များ အစေ့အဆန်ပြည့်ခြင်း၊ မပြည့်ခြင်းကို ရေတွင်ခွဲခြား၍ သိနိုင်ပါသည်။ ရေတွင်ပေါလောပေါ်သော အစေ့များမှာ ရင့်မှည့်မှုမရှိသော/ အစေ့အဆန်မပြည့်သော သီဟိုဠ်စေ့များဖြစ်ပါသည်။
သီဟိုဠ်ပင်တွင် အရွက်စားခူကောင်၊ ရွက်ထွင်းပိုး၊ ပင်စည်ထိုးပိုး၊ အသီးနှင့် အစေ့ထိုးပိုးများ ကျရောက်တတ်ပါသည်။ အသီးရင့်မှည့်ချိန်တွင် အရောင်အနံ့စွဲဆောင်မှုကြောင့် ကြွက်များ၊ လင်းနို့များနှင့် ငှက်များလာရောက်စားသောက်ကြသဖြင့် အထွက်နှုန်းထိခိုက်စေပါသည်။ မှိုရောဂါ ကို စိုထိုင်းသောရာသီဥတု၌ ပန်းခိုင်များတွင် တွေ့ရတတ်ပါသည်။
အသုံးပြုပုံ
မြန်မာနိုင်ငံတွင် သီဟိုဠ်စေ့များမှ အဆန်များကို လူအင်အားအသုံးပြုပြီး လှော်၍ရောင်း ချခြင်းများရှိပါသည်။ ပြည်တွင်းဈေးကွက်အနေဖြင့် သီဟိုဠ်အစေ့ဆန်များကို မုန့်ဖုတ်ခြင်းလုပ်ငန်း၊ အစားအသောက်ဟင်းလျာများတွင် ထည့်သွင်းအသုံးပြုခြင်းများနှင့် လှော်၍ရောင်းချခြင်းများပြုလုပ်ကြပါသည်။
ဈေးနှုန်းဈေးကွက်အခြေအနေ
ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ထွက်ရှိသောသီဟိုဠ်များကို ကုန်ကြမ်း(အစို) အတိုင်းသာရောင်းချလျက်ရှိပါသည်။ ကိုဗစ်ကာလမတိုင်ခင်ကာလများတွင် ကုန်ကြမ်း(အစို) တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ခန့်ရရှိခဲ့ပြီး ရန်ကုန်သို့ (၆)ဘီးကားတစ်စီးဖြင့် ရက်ခြားထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင် ရာသီဥတုဒဏ်ကြောင့် အဖူးများ၊ အသီးများကြွေကျလာသည့်အတွက် အထွက်နှုန်းများ လျော့ကျလျက်ရှိပြီး ကုန်ကြမ်းအစိုတစ်ပိဿာလျှင် (၃၅၀၀)ကျပ်ဈေးပေးပြီး ပွဲစားများက လာရောက်ဝယ်ယူကာ ရန်ကုန်၊ ထောက်ကြန့်သို့ ရောင်းချကြောင်းသိရပါသည်။
မြန်မာနိုင်ငံမှထွက်ရှိသော သီဟိုဠ်စေ့များသည် မူဆယ်ဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသည့်အတွက် ပြည်ပဈေးကွက်ရှိသောသီးနှံဖြစ်သောကြောင့် ဈေးကောင်းရရှိရေးအတွက် အထွက်နှုန်းနှင့် အရည်အသွေးကောင်းသောမျိုးများကို ရွေးချယ်ပြောင်းလဲစိုက်ပျိုးသင့်ပါကြောင်းနှင့် နည်းပညာသစ်များဖြင့် စိုက်ပျိုးခြင်းဖြင့် ပြည်ပဈေးကွက်တိုးချဲ့၍ နိုင်ငံခြားဝင်ငွေရရှိအောင် သီဟိုဠ်ပင်ကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)