Main menu

မန်ကျည်းပင်၏ အသုံးဝင်ပုံအမျိုးမျိုး

Powered by Drupal

          မန်ကျည်းပင်သည် မုတ်သုံရာသီဥတုတွင် ပေါက်ရောက်သောအပင်ဖြစ်ပြီး ဆူဒန်နှင့်မဒါဂတ်စတား၏ မျိုးစိတ်အပိုင်း ရွက်ကြွေတောများအပါအဝင် မုတ်သုံအာဖရိကတွင် စတင်အရင်းခံသည့် စိန်ပန်းပင်၊ ပိတောက်ပင်၊ ကုက္ကိုလ် ပင်စသည့်တို့နှင့်အတူ လီဂူမီနိုးစီးမျိုးရင်းတွင် ပါဝင်ပြီး ရုက္ခဗေဒအမည်မှာ တမ်းမရင်းဒပ်အင်ဒီကာမျိုးဖြစ်သည်။

          မန်ကျည်းပင်သည်အညာဒေသတွင်သာမက အခြားဒေသများမှာလည်း ပေါများစွာပေါက်ရောက်သောကြောင့် လူတိုင်းမြင်ဖူးကြပါသည်။ ထိုအပင်စတင်ပေါက်ရောက်ရာဇာတိဒေသမှာ အာဖရိကတိုက်အရှေ့ပိုင်းဖြစ်ပြီး ထိုမှတဆင့်  ပူအိုက်သောတိုင်းပြည်များဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံများသို့  ယူဆောင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ မန်ကျည်းပင်သည် အမြဲစိမ်းလန်းသောအပင်ဖြစ်၍ မြန်မာနိုင်ငံနေရာအနှံအပြားတွင် စိုက်ပျိုးထားပါသည်။ မြန်မာနိုင်ငံအထက်ပိုင်းတွင် မန်ကျည်းပင်ကို အကြီးအကျယ်စိုက်ပျိုးထားကြရာ ထိုဒေသများတွင် အများဆုံးတွေ့ရပါသည်။ လယ်ကွင်းများ၊ ဥယျာဉ်ခြံမြေများ၊ ကျွဲ၊ နွားစားကျက်များတွင် မန်ကျည်းပင်ပေါက်ကလေးများကို နေရာအနှံ့အပြား မြင်တွေ့ရခြင်းအားဖြင့် အပင်ပေါက်လွယ်သော သစ်ပင်ဖြစ်ကြောင်းသိရှိရပါသည်။

          မန်ကျည်းပင်မှရရှိသောမန်ကျည်း အရွက်၊ အပွင့် ၊အသီးနှင့် အပင်၏ပင်စည်ကစ၍ လူသား တို့ကျန်းမာရေးအတွက် များစွာအကျိုးပြုကြောင်း လေ့လာတွေ့ရှိရပါသည်။

အရွက်

    မန်ကျည်းပင်မှရရှိသောအရွက်များကို ချက်ပြုတ်စားသောက်ရသည့်အပြင် ဟင်းချက်သံဒယ်အိုးများ သံချေးမတက်စေရန်နှင့် သံချေးစော်မနံစေရန်အတွက် မန်ကျည်းရွက်အကြမ်းများကို ဒယ်အိုးထဲသို့ထည့်၍ပြုတ်ပြီး တစ်ညတာထားပြီးမှ အသုံးပြုရပါသည်။ အရွက်နုလေးများကို ဖွယ်ဖွယ်ရာရာ စီမံ၍ ချက်ပြုတ်စားသောက်ရာတွင် မြေပဲဖြင့်သုပ်စားခြင်း၊ ချဉ်ဟင်းချက်စားခြင်း၊ မန်ကျည်းချဉ် သိပ်ခြင်းများဖြင့် စားသောက်ကြပါသည်။

မန်ကျည်းသီး

          မန်ကျည်သီးသည် အမျှင်ဓာတ်ကြွယ်ဝသည့်အသီးဖြစ်သောကြောင့် ဝမ်းမီးကိုမှန်စေပြီး အစာအိမ်အူလမ်းကြောင်းကို သန့်စင်စေရုံသာမက အသည်း၊ အူမကြီးနှင့်အခြားအစာခြေအင်္ဂါအစိတ်အပိုင်းများကိုပါ ကျန်းမာစေသည်။ မန်ကျည်းသီးကိုနေ့စဉ်စားသုံးပေးခြင်းဖြင့် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါသည်။

          မန်ကျည်းသီးမှာ သံဓာတ်ကြွယ်ဝစွာပါဝင်ပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေပါသည်။ မန်ကျည်းသီး နေ့စဉ်စားသုံးသည့်အခါ သံဓာတ်ပမာဏ၏ (၁၀) ရာခိုင်းနှုန်းကိုထောက်ပံ့ပေးပြီး သံဓာတ်သည် သွေးနီဥဆဲလ်များကိုတိုးစေပြီး ဆဲလ်၏အင်္ဂါအစိတ်အပိုင်းများဆီသို့ အောက်ဆီဂျင်ထောက်ပံ့ပေးမှုကိုလည်း အထောက်အပံ့ဖြစ်စေပါသည်။ အသက်အရွယ်ရလာသည်နှင့်အမျှ သိမြင်မှုလုပ်ငန်းစဉ်များ ကောင်းမွန်စေရန် သဘာဝအစားအစာများကို မှီခိုလာကြရပါသည်။ အာရုံကြောစနစ်ကို တိုးမြှင့်ပေးသည့်အစားအစာများထဲတွင် မန်ကျည်းသီးလည်းပါဝင်ပါသည်။ မန်ကျည်းသီးမှာ အာရုံကြော၏ လုပ်ငန်းစဉ်များနှင့်မှတ်ဉာဏ်များကို တိုးတက်စေသည့် သီရာမင်(ဗီတာမင် B6) ကြွယ်ဝစွာ ပါဝင်ပါသည်။ အရသာရှိလှသည့် မန်ကျည်းသီးသည် သွေးတွင်းအဆီဓာတ်ကို ထိန်းညှိခြင်း၊ စောင့်ကြည့်ခြင်းကိုအထောက်အကူဖြစ်စေခြင်း၊ သကြားဓာတ်နှင့်အဆီဓာတ်များဖွဲ့စည်းမှုကို ဖြစ်ပေါ်စေနိုင်သည့် ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို နှေးကွေးစေနိုင်ပြီး အင်ဆူလင်ပမာဏကိုလည်း တိုးစေနိုင်ပါသည်။ ဆီးချိုဝေဒနာရှင်များအနေဖြင့် မန်ကျည်းသီးကို စားသုံးပေးခြင်းဖြင့် ရောဂါများကိုသက်သာစေပါသည်။

          မန်ကျည်းသီးမှာ ဆဲလ်များနှင့်ကိုယ်တွင်းအင်္ဂါများကို ပြင်ပဓာတုပစ္စည်းများကြောင့် ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပြီး ရောဂါအန္တရာယ်များမှ ကာကွယ်ပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများနှင့် ဗီတာမင်စီကြွယ်ဝစွာပါဝင်ပါသည်။ မန်ကျည်းသီးမှာ ရောင်ရမ်းမှုကိုတိုက်ဖျက်နိုင်သည့်အစွမ်းရှိသကဲ့သို့ ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်သည့်အစွမ်း၊ ရောဂါကာကွယ်နိုင်သည့် အစွမ်းလည်းရှိပါသည်။ ကိုယ်ခံအားစနစ်ကို တိုးတက်အောင်လည်း အထောက်အကူပြုပါသည်။ မန်ကျည်းသီးမှာ ခန္ဓကိုယ်အတွက်လိုအပ်သည့် သတ္ထုဓာတ်နေ့စဉ်လိုအပ်သည့် အမျှင်ဓာတ်နှင့်ဗီတာမင်စီတို့ပါဝင်သောကြောင့် သွေးသန့်အောင် လုပ်ဆောင်ပေးနိုင်ပါသည်။ မန်ကျည်းသီးမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းကြွယ်ဝစွာပါဝင်နေသောကြောင့် free radicals များကို တိုက်ဖျက်ပေးပြီး သွေးသန့်စေပါသည်။ မန်ကျည်းသီးသည် ကိုလက်စထရောကို ထိထိရောက်ရောက်ထိန်းညှိပေးနိုင် ပြီး ခန္ဓာကိုယ်အတွက် အကျိုးမပြုသည့် ကိုလက်စထရော (LDL)ကိုကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရော (HDL)ကို တိုးတက်အောင်လုပ်ဆောင်ပေးနိုင်ပါသည်။ ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်သောကြောင့် သွေးပေါင်ချိန်ကိုထိန်းညှိပေးပါသည်။ ဗီတာမင်စီကြွယ်ဝမှုသည်လည်း နှလုံးသွေး ကြောစနစ်အပေါ် ဖိအားသက်ရောက်မှုကိုလည်း ့ာကျစေပါသည်။

မန်ကျည်းစေ့

          မန်ကျည်းစေ့ကိုရေ၌တစ်ညစိမ်၍ နံနက်တွင်နွားနို့နှင့် ကြိတ်သောက်ပါက မီးယပ်ဖြူဆင်း ခြင်း၊ ဆီးလွန်ခြင်းများ ပျောက်ကင်း၏။ မန်ကျည်းစေ့ကို သွေး၍သောက်ခြင်းဖြင့် ဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်းကို ပျောက်ကင်းစေပါသည်။ ကင်းခြေများ၊ ကင်းမီးကောက်စသည့် အဆ်ိပ်ရှိသောအကောင် များကိုက်လျှင်လည်း ကိုက်သောနေရာကို မကျည်းစေ့ကိုကပ်ထားပါက အဆိပ်ကိုသက်သာစေပါသည်။

ပင်စည်

         မန်ကျည်းပင်မှရရှိသောပင်စည်ကို အမွှေးတိုင်များပြုလုပ်ရာတွင် ခွဲစိတ်ပြီးအသုံးပြုကြပါသည်။ မန်ကျည်းခေါက်ကို သာမန်မျက်စိနာလျှင် အပူဒဏ်ခံနိုင်ရန်အတွက် သနပ်ခါးကဲ့သို့သွေး၍ လိမ်းခြင်း ဖြင့် သက်သာစေပါသည်။

          မြန်မာ့ဆေးကျမ်းများအရ မန်ကျည်းပင်သည် တစ်ပင်လုံးအသုံးဝင်ပြီး ပူခြင်း၊ ချဉ်ခြင်း၊ သည်းခြေကိုဖြစ်စေတတ်ခြင်း၊ သလိပ်ကိုပွစေခြင်း၊ လေကိုနိုင်စေခြင်း၊ သွေးဖောက်ပြန်ခြင်း၊ နားရောဂါ၊ မျက်စိရောဂါ၊ မြွေဆိပ်သင့်ခြင်းများကိုနိုင်စေပြီး အသီးစိမ်းသည် ချဉ်၊ ချို၊ ပူအရသာရှိပြီး သည်းခြေနှင့် သလိပ်ကိုနိုင်စေသည်။ အသီးမှည့်သည်ပူသောကြောင့် ဝမ်းမီးကိုတောက်စေသည့်အပြင် အနည်းငယ်သက်စေ၍ သလိပ်နှင့်လေကို နိုင်စေသည်။ မန်ကျည်းပင်သည် ပဉ္စငါးပါးလုံး အသုံးပြု၍ ကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)