စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၈.၉.၂၀၂၃)ရက်နေ့ တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၂)ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးတို့ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက် နှင့်အမှတ်(၄)ရပ်ကွက်၊ အနောက်ဈေးရပ်ရှိ ကလေးပစ္စည်းစတိုးဆိုင် (၂)ဆိုင်တွင်ရောင်းချသည့် ကလေး အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးကို ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူဝယ်ယူသုံးစွဲနိုင်ပြီး လက်ရှိတွင်လည်း စားသုံးသူအများစု ဝယ်ယူသုံးစွဲနေသောကုန်စည်ဖြစ်ခြင်း၊ ကလေးအာဟာရနို့မှုန့်များသည် ဘေးကင်းလုံခြုံမှုမရှိပါက ကလေးငယ်များကို ကြီးမားသည့်ဘေးအန္တရာယ်ဖြစ်စေနိုင်ခြင်း၊ မိခင်နို့ရည်(သို့မဟုတ်) မိခင်နို့ရည် အစားထိုးအစာဖြင့် အာဟာရပြည့်ဝစွာမရရှိနိုင်သည့် ကလေးငယ်များအတွက် ထုတ်လုပ်ထားသည့် နို့ရည်နှင့်နို့မှုန့်များတွင် အသက်အပိုင်းအခြား တိကျစွာဖော်ပြထားခြင်းမရှိပါက ကလေးငယ်တွင် အန္တရာယ်ဖြစ်စေနိုင်ခြင်း၊ ဖျော်စပ်သုံးစွဲရန်အညွှန်းများကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြထားခြင်းမရှိ သည့်ကုန်စည်များကြောင့် ကလေးငယ်များတွင် ကျန်းမာရေးဆိုင်ရာထိခိုက်မှုများ ဖြစ်ပွားစေနိုင်ခြင်း တို့ကြောင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းတွင် ပါဝင်ရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)