မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲအား(၁၃.၉.၂၀၂၃)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ပြုလုပ်ရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးအကြောင်းအရာများအား ဟောပြောဆွေး နွေးခဲ့ပါသည်။
အဆိုပါဟောပြောပွဲအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးမှ မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှု အမျိုးအစား၊ လူကုန်ကူးမှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုနှင့်လူမှောင်ခို ခြားနားချက်များ စသည့်အကြောင်း အရာများအား လူငယ်များသိရှိနားလည်ပြီး သတိရှိ၍ ဂရုပြုကြစေရန် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေမှ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပာယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပယ်များ၊ နစ်နာဆုံးရှုံးမှု၏ အဓိပ္ပာယ်နှင့်ကုန်အညွှန်းအမှတ်အသားများ ကိုရှင်းလင်းခဲ့ပြီး ကျောင်းသားကျောင်းသူများမှာ ငယ်ရွယ်သည့်ကလေးသူငယ်များဖြစ်၍ ကျောင်းတွင်ဖြစ်စေ၊ မိမိတို့၏နေထိုင်ရာရပ်ကွက်များ၌ဖြစ်စေ အစားအစာများဝယ်ယူ စားသောက်ရာတွင် အသင့်စား အစားအစာများကို တတ်နိုင်သလောက်လျှော့ပေါ့စားသောက်ကြရန်၊ အချို့အစားအသောက်များမှာ ခွင့်မပြုဓာတုဆိုးဆေးများ၊ ကြာရှည်ခံဆေးဝါးများပါရှိသည့်အတွက် ခန္ဓာကိုယ်ကြီးထွားမှု၊ ဉာဏ်ရည်ဖွံဖြိုးမှုများ ထိခိုက်နိုင်ပြီး ရောဂါမျိုးစုံဖြစ်ပွားတတ်ကြောင်း၊ အကယ်၍ ဝယ်ယူစားသောက်မည်ဆိုလျှင်လည်း ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားသော အစားအသောက်များကိုသာရွေးချယ်ဝယ်ယူကြရန်၊ အစားအသောက်များ တွင်သာမက မည်သည့်ကုန်ပစ္စည်းမဆို မြန်မာဘာသာအညွှန်းများပါရှိမှသာ လုံခြုံစိတ်ချရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝယ်ယူလိုက်သောကုန်ပစ္စည်းကို ဆိုင်ရှင်မှ ပေးလိုက်သည့်အတိုင်း မယူရန်နှင့် ကုန်အညွှန်းအမှတ်အသားများကို ငယ်ရွယ်စဉ်မှစ၍ ကြည့်ရှု့ဝယ်ယူကြရန်အလေ့အကျင့်များရှိကြဖို့လိုအပ်ပါကြောင်း၊ ကုန်စည်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကိုလည်း အရေးဆိုတိုင်ကြားနိုင်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဟောပြောဆွေးနွေးပွဲများမှ ရရှိသည့်အသိပညာဗဟုသုတများကိုလည်း မိမိတို့၏မိသားစုဝင်များ၊ မိတ်ဆွေအပေါင်း အသင်းများနှင့် မိမိတို့၏ပတ်ဝန်းကျင်များကိုလည်း အသိပညာဗဟုသုတများ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများလည်းရှိကြရန်နှင့် ပြန်လည်၍မျှဝေပေးစေလိုပါကြောင်း စသည်ဖြင့် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။
ဟောပြောဆွေးနွေးပွဲသို့ ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ Grade-8 မှ ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများ စုစုပေါင်း(၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)