Main menu

“ ဒေါ်ထက် ” ဆိတ်သားခြောက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်တိုးတိုးချွန်နှင့် ဝန်ထမ်း (၁) ဦးသည် စက်တင်ဘာလ (၂၉) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ “ဒေါ်ထက်” ဆိတ်သားခြောက်လုပ်ငန်း ပိုင်ရှင် ဒေါ်ထက်ထက်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

        ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် “ဒေါ်ထက်” ဆိတ်သားခြောက်လုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် မိသားစုလုပ်အားဖြင့် စတင်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအနေဖြင့် ကျပ်သိန်း (၅၀) ခန့် ရှိကြောင်း သိရှိရပါသည်။

       ကုန်ကြမ်းဖြစ်သော ဆိတ်သားများကို မုံရွာမြို့နှင့် အနီးတဝိုက်ဖြစ်သော ဘုတလင်မြို့၊ ယင်းမာပင်မြို့နှင့် ဆားလင်းကြီးမြို့များမှ ဝယ်ယူရရှိကြောင်း၊ တစ်ပိဿာ (၁၆၅၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်) ပေးရကြောင်း၊ ဆိတ်သားခြောက်လုပ်ငန်းကို မိသားစုလုပ်အားအပြင် ဝန်ထမ်း(၄)ဦးဖြင့် လုပ်ကိုင်လျက်ရှိပြီး တစ်ဦးလျှင် တစ်ရက်လုပ်အားခ (၅၀၀၀)ကျပ် ပေးရပါကြောင်း၊ ဆိတ်သား ခြောက်နှင့် ဆိတ်သားခြောက် မီးကင်ဟူ၍ (၂)မျိုး ထုတ်လုပ်ပါကြောင်း၊ ဆိတ်သားအစို တစ်ပိဿာလျှင် ဆိတ်သား အစိမ်းခြောက်(၅၀)ကျပ်သားနှင့် ဆိတ်သားမီးကင် (၃၀) ကျပ်သား ရရှိ ပါကြောင်း၊ တစ်လလျှင် (၂၅)ရက် လုပ်ငန်းလည်ပတ်ပြီး တစ်ရက်လျှင် ဆိတ်သားအစို ပျမ်းမျှ (၃၀ ပိဿာ)ခန့် အသုံးပြုရကြောင်း၊ ဆိတ်သားမီးကင်ရန်အတွက် တစ်နေ့လျှင် မီးသွေးအိတ် (၃)အိတ်  အသုံးပြုရပြီး မီးသွေးတစ်အိတ်လျှင် (၁၀၀၀၀)ကျပ် ပေးချေရကြောင်း၊   ဆိတ်သားခြောက်နှင့် ဆိတ်သားခြောက်မီးကင်များကို  မုံရွာမြို့တွင်းရှိ စားသောက်ကုန် ရောင်းချသည့်ဆိုင်များ၊ ချင်းတွင်း မြစ် အထက်ပိုင်းဒေသများ (ကလေး၊ ဟုမ္မလင်း၊ မော်လိုက်၊ ဟောင်ပါး)နှင့် တိုင်းပြင်ပဖြစ်သော မိတ္ထီလာ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြဝတီ၊ ကော့ကရိတ်၊ လားရှိုး၊ တောင်ကြီးမြို့များသို့ တင်ပို့ရောင်းချရကြောင်း၊ ထို့အပြင် မိမိဒေသထွက် လက်ဆောင်အနေဖြင့် ပေးရန်အတွက်လည်း ရောင်းချရကြောင်း ၊ ဈေးနှုန်းအနေဖြင့် ဆိတ်သားမီးကင်ခြောက် ဘူးကြီး တစ်ဘူး (၁၃၅၀၀)ကျပ်၊ အလတ်တစ်ဘူး (၆၅၀၀)ကျပ်နှင့် အသေး တစ်ထုပ်လျှင် (၃၅၀၀) ကျပ် ရောင်းချရကြောင်း၊ ဆိတ်သားခြောက် တစ်ပိဿာလျှင် (၄၄၀၀၀)ကျပ် ရောင်းချကြောင်း သိရှိရပါသည်။

      ကြုံတွေ့ရသော အခက်အခဲများအနေဖြင့် ကုန်ကြမ်းအဖြစ် အသုံးပြုသောဘူးများ၊ ပလတ်စတစ်အိတ်များ၊ တံဆိပ်ရိုက်ခများ ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့်လည်းကောင်း၊ အခြား ဒေသများသို့ တင်ပို့ရာ လမ်းခရီးတွင် အချိန်ကြာမြင့်၍ ဆုံးရှုံးမှုများရှိခြင်းကြောင့်လည်းကောင်း၊ ကုန်ကြမ်းဈေးနှုန်း ကြီးမြင့်မှုကြောင့် ယခင်ကကဲ့သို့ အရောင်းအဝယ်မဖြစ်တော့ဘဲ လုပ်သားများ အလုပ်လက်မဲ့မဖြစ်စေရန်နှင့် မိမိတို့ ဖောက်သည်မပျက်စေရန်အတွက်သာ လုပ်ကိုင်နေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဌာနမှ ဝန်ထမ်းများကလည်း စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ တွင် ပြဌာန်းထားသော စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ၄၁။ (ခ) နှင့်(ဆ) တို့တွင် ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြ ရမည်ဖြစ်ကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)