ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြူမြို့နယ်၊ ဇကာကြီးကျေးရွာ မြို့ကွက်သစ်ရှိ အဆွေတော် နှမ်း/မြေပဲလုံး မုန့်လုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအတွက် (၂၅.၉.၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ် ဇကာကြီး၊ မြို့ကွက်သစ်ရှိ ဦးဆန်းအောင်၏ အဆွေတော်မုန့်လုပ်ငန်းသို့ ကွင်းဆင်း စစ်ဆေးရာတွင် မုန့်လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းအဆင့်ဆင့်ကို လေ့လာကြည့်ရှုခဲ့ပြီး နှမ်းနှင့် ထန်းလျက်ကို ကျိူပြီး ကပ်စေနည်းဖြင့် ညောင်စေးပေါက်အောင် ယိုထိုးပြီး လင်ဗန်းထဲသို့ထည့်ကာ အအေးခံ၍ လိုအပ်သော အပူချိန်သို့ရောက်သောအခါ လက်ဖြင့်လုံးရကြောင်း၊ အလားတူပင်မြေပဲကိုလည်း ကပ်စေနည်းဖြင့် ညောင်စေးပေါက်အောင်ယိုထိုးပြီး လင်ဗန်းထဲသို့ထည့်ပြီး လက်ဖြင့်လုံးပြီး ဗူးခွံထဲသို့ထည့်၍ ရောင်းတန်းဝင်မုန့်အဖြစ်ထုတ်လုပ်ပါကြောင်း၊ မြေပဲ၊ နှမ်းကုန်ကြမ်းများကို ရန်ကုန်ပွဲရုံမှ မှာယူပြီး အသုံးပြုကြောင်း နှမ်းလုံး/မြေပဲလုံး မုန့်ပြုလုပ်ပြီး ကုန်အညွှန်းအမှတ်အသား စားသုံးသူရေးရာဦးစီးဌာနတွင် ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ် ပုသိမ် MSMEs ကုန်စည်ပြပွဲတွင်လည်း ဆုရရှိခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများက ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် အခန်း (၁၁) ပါ ကုန်စည်များနှင့် စပ်လျဉ်း၍ အာမခံချက်ပေးရန်၊ စားသုံးသူပြည်သူများအတွက် သန့်ရှင်းလတ်ဆတ်၍ အန္တရာယ်ကင်းသော စားသောက်ကုန်ဖြစ်စေရေး အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)