၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ နောင်ခိုက်ရပ်ရှိ ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ကိတ်မုန့်/ပေါင်မုန့်သည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် “Smile” တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေးကို အလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များပြုလုပ်ရန်၊ လုပ်ငန်းတွင်အသုံးပြုသော စက်ပစ္စည်းများကို သန့်ရှင်းရေး ပုံမှန်ပြုလုပ်ပေးရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA( ရှမ်း)