Main menu

မြောက်ဦး လွမ်းချင်း

Powered by Drupal
Fri, 10/13/2023 - 20:13 -- consumer_admin

     ကျွန်မတို့ မြန်မာနိုင်ငံမှာ မြန်မာတိုင်းရင်းသား မျိုးနွယ်စု(၁၃၅)မျိုး ရှိပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုတွေကို သူတို့ရဲ့ နေရာဒေသအလိုက် လူမျိုးစုကြီး (၈)မျိုးထဲမှာ တည့်သွင်းထားပါတယ်။ ဒီလူမျိုးစုကြီး (၈)မျိုးကတော့ အားလုံးသိထားကြတဲ့ အတိုင်း ကချင် ကယား ကရင် ချင်း  ၊မွန်၊ ဗမာ၊ရခိုင်၊ရှမ်းစတာတွေပါဘဲ ။ တိုင်းရင်းသားလူမျိုးများအလိုက် ယုံကြည်မှုကိုးကွယ်မှု ၊ ဘာသာစကား ၊ အတွေးအခေါ်  ၊ ဓလေ့စရိုက် ၊ ဝတ်စားဆင်ယင်မှု ၊ ရိုးရာဓလေ့ထုံးစံများ မတူညီကြပေ။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာအမျာဆုံးကိုးကွယ်သည့်နိုင်ငံ ဖြစ်သည့်အတွက် ယဉ်ကျေးမှုအမွေအနှစ်၊အထင်ကရနေရာများနှင့် ရှေးဟောင်းဘုရားပုထိုးစေတီတော်ကြီးများ မြောက်မြားစွာရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ကျွန်မကတော့ ကရင်ပြည်နယ် ဘားအံမြို့မှာ တာဝန်ကျတဲ့ ဝန်ထမ်းတစ်ဦးဖြစ်သကဲ့သို့ ရခိုင်တိုင်းရင်းသူတစ်ဦးလည်းဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသူတစ်ဦး အနေနဲ့ ကရင်ပြည်နယ် ဘားအံမြို့ကို ရောက်တဲ့အခါမှာ ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ၊ ဓလေ့ထုံးစံများ ၊ ဝတ်စားဆင်ယင်မှုနှင့်ယဉ်ကျေးမှု အမွေအနှစ်များကို တွေ့မြင်ခွင့်ရတော့ အလွန်ပင်ဝမ်းသာပီတိဖြစ်မိပါတယ်။ ကရင်ပြည် ဘားအံမြို့ကတော့ အလွန်ပင်သန့်ရှင်းသာယာလှပသော မြို့လေးတစ်မြို့ဖြစ်ပြီး တောင်ကုန်းတောင်တန်းများကြားမှာ တည်ရှိကာ ဘုရားပုထိုး စေတီများနှင့် လှပသော ဂူများစွာဖြင့် ကမ္ဘာလှည့်ခရီးသွားများကိုဆွဲဆောင်သော မြန်မာနိုင်ငံ၏အလှပဆုံး မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ဤကဲ့သို့ သာယာလှပသော နေရာမှာ ကျွန်မအနေနဲ့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရတဲ့အတွက် အလွန်ပင်ဝမ်းသာပျော်ရွှင်ရပါတယ်။ ဘားအံမြို့ရဲ့ အလှအပတွေကို တွေ့မြင်ပြီးတဲ့အခါမှာတော့ ကျွန်မအနေနဲ့ မွေးရပ်ဇာတိမြေမှာရှိတဲ့ မြောက်ဦးမြို့ ကိုသတိရမိပါတယ်။ အဲဒါကြောင့် သတိရခြင်းများစွာနဲ့ မွေးရပ်ရခိုင်ပြည် မြောက်ဦးမြို့အကြောင်း ကို ရေးသားဖော်ပြပေးလိုက်ရပါတယ်။

  မြောက်ဦးမြို့ဟာ မြန်မာနိုင်ငံအနောက်ဖက်တွင်တည်ရှိသော ရခိုင်ပြည်နယ်၏မြောက်အရပ်တွင် တည်ရှိသော ရှေ့ဟောင်းမြို့တော် တည်ရှိရာ မြို့တစ်မြို့ဖြစ်ပြီး ကုလားတန်မြစ်၏ အရှေ့ဖက်အရပ်တွင်ရှိကာ မြောက်ဖက်နှင့် တောင်ဖက်တို့တွင် တောင်စွယ်၊ တောင်တန်းများဖြင့် ကာရံလျက်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ရခိုင်ပြည်နယ်မှာရှိတဲ့ မြောက်ဦးမြို့ဟာ မြန်မာနိုင်ငံရဲ့   ဒုတိယအကျော်ကြားဆုံး ရှေးဟောင်းအမွေအနှစ်တွေ စုဝေးတည်ရှိနေတဲ့နေရာဖြစ်ပါသည်။ ၁၅ ရာစု မှ ၁၈ ရာစုအထိ ရခိုင်တွေရဲ့ မြို့တော်လို့ပြောလို့ရတဲ့ မြောက်ဦးမြို့ကို ၁၄၃၀ ခုနှစ်မှာ ဘုရင် မင်းစောမွန်က တည်ထောင်ခဲ့ပါတယ်။ ယခုခေတ် မြောက်ဦးမြို့ဟာ ခရီးသွားတွေအတွက် မမေ့နိုင်စရာခရီးလေးတစ်ခုကို ဖန်တီးပေးနိုင်တဲ့အပြင် ငြိမ်သက်တဲ့ မြို့လေးတစ်ခုအဖြစ် တည်ရှိနေပါတယ်။

    မြောက်ဦးမြို့ရှိ စေတီပုထိုးစုစုပေါင်းအရေအတွက်ကို အုန်းပွင့်ပန်းခိုင် တလှိုင်လှိုင် လို့ စာဆိုရှိခဲ့ရာ စေတီပုထိုးပေါင်း ၁၅၅၂ ဆူရှိခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ရှေးဟောင်းသုတေသနဦးစီးဌာနရဲ့ ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေးနှစ် စာရင်းတွေအရ မြောက်ဦးဒေသတွင် စေတီ၊ပုထိုး၊ဘုရား၊ ပိဋကတ်တိုက်၊သိမ်အစရှိတဲ့ ရှေးဟောင်း အဆောက်အဦး ၃၇၅ ခုသာရှိတယ်လို့ ဖော်ပြထားတာကို လည်းတွေ့ရှိရပါတယ်။မြောက်ဦးမြို့တွင်း ထင်ရှားသော စေတီပုထိုးများမှာ ရှစ်သောင်းပုထိုး တော်ကြီး၊ ကိုးသောင်းပုထိုးတော်ကြီး၊ထုက္ကံသိမ် ပုထိုးတော်ကြီးနှင့် မာရ်ငါးပါးစေတီပုထိုးများဖြစ်ကြသည်။

          ရှစ်သောင်းဘုရားဟာ မြောက်ဦးမြို့က ဘာသာရေးအထိမ်းအမှတ်တွေထဲမှာ အထင်ရှားဆုံး ဖြစ်ပြီးတော့ ဗုဒ္ဓဘုရားရှင်ရဲ့ ရုပ်ပုံပေါင်း ၈၀၀၀၀ ကို အစွဲပြုပြီး ရှစ်သောင်းဘုရားလို့ အမည်မှည့်ခဲ့ တာဖြစ်ပါတယ်။ ရှစ်သောင်းဘုရားရဲ့ အဓိကနံရံတွေမှာဆိုရင် ဗုဒ္ဓဘုရားရှင်ရဲ့ ရုပ်ထုပေါင်းများစွာ ရှိပါတယ်။ ရှစ်သောင်းဘုရားပွဲတော်ကိုနှစ်စဉ် ကဆုန်လပြည့်နေ့တွင် ကျင်းပပြီး ပြိုင်လောင်းပွဲ၊ ဘောလုံးပွဲ၊ ရိုးရာကျင်ပွဲ၊ စတိတ်ရှိုးနှင့် ဇာတ်ပွဲများကိုပါ ထည့်သွင်းကျင်းပလေ့ရှိပြီး အလွန်စည်ကား သော ဘုရားပွဲဖြစ်ပါသည်။ ရှစ်သောင်းဘုရားပွဲတွင် ထည့်သွင်းကျင်းပလေ့ရှိသော ပြိုင်လောင်းပွဲနှင့် ရခိုင်တို့၏ ဒုတိယသင်္ကြန်ဟုဆိုရလောက်အောင်ပင် ချောင်းငယ်အတွင်းရှိ ရေပေါ်မှာ လောင်းလှေ များနှင့် တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်း ကစားကြသည်မှာ အလွန်ပင် ကြည်နှုးစရာကောင်းသော ပွဲတော်တစ်ခုဖြစ်ပါသည်။

    ကိုးသောင်းဘုရားကတော့ မြောက်ဦးမြို့၏ အရှေ့မြောက်ဘက် ၂.၅ ကီလိုမီတာမှာ ရှိပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရှေးခေတ်တည်ထားကိုးကွယ်ခဲ့သော ကိုးသောင်းပုထိုး တော်ကြီးအားတည်ထားခဲ့သူမှာ ရှစ်သောင်းပုထိုးတော်ကြီးကို တည်ခဲ့သော ဘုရင်၏သားတော်  ရခိုင်ဘုရင် မင်းတိက္ခာ ဖြစ်ပါသည်။ ဖခင်တည်ထားသော ပုထိုးတော်၌ ဘုရားဆင်းတုတော် ရှစ်သောင်းရှိသောကြောင့် အဖေထက် သာလွန်ရန်အတွက် ဘုရားဆင်းတုတော်ပေါင်းကိုးသောင်း ထားရှိမည်ဟု ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ သို့သော် အဖေထက်သား တစ်လကြီး ဆိုသကဲ့သို့ ဘုရားတည်စဲအချိန်တွင်တစ်ခါ၊ ထီးတော်တင်သောအချိန်တွင် တစ်ခါ၊  မိုးကြိုးထိသောကြောင့် နောက်ဆုံးတွင် မအောင်မြင်ချေ။ ထိုကြောင့် ၎င်းပုထိုးတော်ကြီးသည် ယခုတိုင်မပြီးစီးသေးပေ။

       ရှေ့ဟောင်းအမွေအနှစ်တွေ၊ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေနဲ့  ယဉ်ကျေးမှုတွေဟာ မြောက်ဦးကို ဂုဏ်တက်စေခဲ့တာတော့ အမှန်ပါပဲ။ အထပ်ထပ်ကာရံထားတဲ့ မြို့ ရိုးတွေ ၊ မြို့တံခါးတွေ၊ ဗိသုကာလက်ရာတွေ၊ ကျုံးတွေ၊ နန်းရင်ပြင်တွေ အစရှိတဲ့ ရှေးခေတ်ဗိသုကာ လက်ရာတွေကို ယနေ့တိုင်မြင်တွေ့ခွင့်ရတာကိုက မြောက်ဦးကိုရောက်လာသူတစ်ယောက်အဖို့  ကံကောင်းတယ်လို့ ယူဆနိုင်ပါတယ်။ ဒါကြောင့်လည်း မြောက်ဦးလို့ဆိုလိုက်တာနဲ့ စိတ်မဝင်စားတဲ့သူ မရှိသလောက်ပေါ့။ မြန်မာနိုင်ငံအနှံ့က လူတွေစိတ်ဝင်စားသလို ပြည်ပနိုင်ငံတွေကလည်း စိတ်ဝင်စားမှုတွေကို တွေ့ရပါတယ်။ ပွင့်လင်းရာသီရောက်ပြီဆိုတာနဲ့ မြောက်ဦးမှာ ပြည်တွင်း ပြည်ပခရီးသွားတွေနဲ့ စည်ကားလှပါတယ်။ မြို့ကလေးက ကျဉ်းပေမဲ့ အရပ်လေးမျက်နှာကို ကြည့်လိုက်တိုင်း စေတီပုထိုးများ၊ ရှေးဟောင်းအမွေအနှစ်များကို တွေ့မြင်ရာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာတော့ နိုင်ငံခြားဧည့်သည်ဝင်ရောက်မှု နည်းပါးနေတယ်လို့ ဆိုပါတယ်။ ဒါကလည်း မတည်ငြိမ်သေးတဲ့ ရခိုင့်အနောက်တံခါးပြဿာနာတွေကြောင့် ဖြစ်ပါတယ်။

မြောက်ဦးမှာ ရှုခင်းတွေကြည့်ရင်း ရှေးဟောင်းသုတေသနပြတိုက်ကိုလည်း သွား‌ရောက်လည်ပတ်စေချင်ပါတယ်။ ဒီပြတိုက်ဟာ တော်ဝင်နန်းတော်ထဲမှာ တည်ရှိပါတယ်။ ဒီပြတိုက်ထဲမှာ ဘာသာရေးဆိုင်ရာ ပန်းပုရုပ်တွေ၊ ရှေးဟောင်းပစ္စည်းတွေနဲ့ မြောက်ဦးမြို့ရဲ့ ပန်းချီလက်ရာ၊ ကျောက်စာ၊ ဝေသာလီခေတ်ဒင်္ဂါးတွေကို တွေ့နိုင်ပါတယ်။ ပြတိုက်ကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ဖွင့်ထားပါတယ်။ မြောက်ဦးမြို့ရဲ့မြောက်ဘက် ၁၀ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ ဝေသာလီဟာ လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ က ရှေးဟောင်းရခိုင်ဘုရင်ရဲ့ မြို့တော်ဖြစ်တဲ့ ရွာငယ်လေးဖြစ်ပါတယ်။မြောက်ဦးမြို့ရဲ့ ဈေးပတ်ဝန်းကျင်မှာတော့ စားသောက်ဆိုင်ငယ်တွေ အများကြီး ရှိပါတယ်။  

    လက်ရှိအနေအထားမှာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ဖို့အတွက်လည်း ပညာရှင် တွေနဲ့ လေ့လာဆန်းစစ်ပြီး စာရင်းပြုစုတင်ပြထားတာရှိတယ်လို့လည်း သိရတယ်။ တကယ်လို့သာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ဝင်သွားမယ်ဆိုရင်တော့ မြောက်ဦးမြို့ဟာ ပိုမိုအလေးထား ခံရမှာဖြစ်သလို လာရောက်လည်ပတ်သူတွေများလာမှာဖြစ်ပါတယ်။ ဒီလိုလည်ပတ်ဖို့ ရောက်လာသူ တွေ များပြားလာမယ်ဆိုရင်တော့ အရင်ကထက် ပိုမိုသန့်ရှင်းသပ်ရပ်လာမှာဖြစ်သလို ဒေသခံတွေ အတွက်လည်း ဝင်ငွေကောင်းကောင်း ရလာနိုင်ပါတယ်။ ခရီးသွားတွေ အများကြီးတိုးလာမယ်။ လမ်းပန်း ဆက်သွယ်ရေးလည်း ပိုကောင်းလာမယ်။ ဟိုတယ်တွေလည်း အများကြီးဖြစ်လာမယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အများကြီးဖြစ်လာမှာသေချာပါတယ်။ ရခိုင်ပြည်မှာ အလုပ် အကိုင်ရှားပါးမှုကြောင့် ရခိုင်ပြည်ထဲက လူငယ်တော်တော်များများ နိုင်ငံခြားမှာအလုပ်သွားလုပ် နေမယ့်အစား ကိုယ်မြို့၊ ကိုယ်ရွာမှာ အလုပ်အကိုင်အများကြီးရတယ်ဆိုတဲ့ အစီအစဉ်ဖြစ်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလာမှာဖြစ်ပါတယ်။ ပြီးတော့ တစ်ကမ္ဘာလုံးဆိုင်ရာ ကူညီထောက်ပံ့မှုတွေရလာမယ်။ အရေးပါလှတဲ့ ကိစ္စရပ်တွေဖြစ်တာကြောင့် မြောက်ဦးဒေသခံတွေ သာမက ရခိုင်တစ်မျိုးသားလုံးကပါ ပါဝင်လာမယ်ဆိုရင် အကောင်းဆုံးရလဒ်တစ်ခု ရလာနိုင်တယ်လို့ တွေးတောမိပါတယ်။

     လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ခေတ်တုန်းကဆိုရင် မြောက်ဦးကိုရောက်ဖူးချင်ပေမဲ့ မရောက်ဖြစ်ဘဲ အသက်ကုန်ဆုံးသွားခဲ့ကြရတဲ့ ရှေးကဘိုးဘွားတွေလည်းအများကြီးရှိခဲ့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခဲ့ပြီဖြစ်တဲ့အတွက် သွားလမ်းသာလို့ လာလမ်းဖြောင့်နေပြီဖြစ်သောကြောင့် အချိန်မနှောင်းခင် ရခိုင်ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့ သွားလည်ကြပါရန် ဖိတ်ခေါ်ရင်း သန့်ရှင်းသာယာလှပသော မြို့လေးတစ်မြို့ ဖြစ်အောင် ရခိုင်တစ်မျိုးသားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ပြောကြားရင်း အဆုံးသတ်လိုက်ပါတယ်။

Reference = Google,Wikipedia

DOCA(ကရင်)