Main menu

အုန်းပင် နှင့် အုန်းသီးအကြောင်း သိကောင်းစရာ

Powered by Drupal
Wed, 10/18/2023 - 12:58 -- consumer_admin

  အုန်းပင်အမျိုးအစားအနေဖြင့် ဒေသအလိုက် အမျိုးမျိုးရှိကြသော်လည်း အခြေခံအားဖြင့် အုန်းပင် ၃ မျိုးသာ ရှိကြောင်းသိရှိရပါသည်။  ယင်းတို့မှာ ပင်မြင့်မျိုး၊ ပင်ပုမျိုး၊ စပ်မျိုးတို့ ဖြစ်ကြပါသည်။ ပင်မြင့်မျိုးကို တချို့ဒေသများတွင် အုန်းကြီးမျိုး (သို့မဟုတ်) အုန်းထရံဟု ခေါ်ကြပြီး၊ ပင်ပုမျိုးကိုတော့ အုန်းပုမျိုး(သို့မဟုတ်)  ၀က်မလွတ်ဟု ခေါ်ကြပါသည်။ ၁၉၆၀ ပြည့်နှစ်တွင် ပင်မြင့်မျိုးနှင့် ပင်ပုမျိုးတို့ကို မျိုးစပ်လိုက်ရာမှ တော်ဝင်အုန်း လိမ္မော်ရောင်ရှိ၍ လိမ္မော်ရောင်အုန်း (စပ်မျိုး) ဟုလည်းခေါ်ကြပါသည်။ အပင်ပေါ်ရှိ အုန်းသီးက ခြောက်သွေ့သောရာသီတွင် ရင့်မှည့်မှုမြန်ဆန်ပြီး၊ စိုစွတ်သော မိုးရာသီမှာ ရင့်မှည့်မှုကြာတတ်ပါသည်။ ပင်မြင့်မျိုးသည် စိုက်ပျိုးပြီး ငါးနှစ်အကြာမှ သီးလာပြီး၊ တစ်ပင်မှ တစ်နှစ်လျှင် အုန်းသီး ၄၀ ခန့်ရရှိပါသည်။  ပင်ပုမျိုးမှာ သက်တမ်း သုံးနှစ် နှင့်သီးနိုင်ပြီး တစ်ပင်မှ တစ်နှစ်လျှင် အလုံး ၁၀၀ ခန့် သီးနိုင်ပါသည်။ အုန်းပင်တို့၏ သက်တမ်းမှာ နှစ် ၄၀၊ ၅၀  ရှိသော နှစ်ရှည်ပင်မျိုးဖြစ်ကြပါသည်။

    ဘက်စုံသုံး အုန်းသီးပင်ကို မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်း ပေါ်ဒေသများအပြင်၊ အောက်ပြည် အောက်ရွာများ၌ သာမက မြေလတ်နှင့် အညာဒေသမှာလည်း တွေ့ရပါသည်။ ဗုဒ္ဓဘာသာဝင် ဘုရားပွဲ၊  တရားပွဲ စသည်ဖြင့် ကန်တော့ပွဲ များ ပြင်ဆင်ရာမှာအုန်းသီးကိုအသီးတစ်မျိုးအနေဖြင့်သုံးကြသလို မိရိုးဖလာကန်တော့ပွဲများတွင်လည်း အုန်းသီးကို ထည့်သွင်းအသုံးပြုကြပါ သည်။ ထို့အပြင် အုန်းသီး၏ အခွံအား မီးဖိုရာတွင် လောင်စာအနေဖြင့်လည်း သုံးစွဲတတ်ကြပါသည်။

    အုန်းလက်များကို ကျေးလက်ဒေသတွင် ကလေးများ ဆော့ကစားစရာတစ်မျိုး ဖြစ်ခဲ့တာကို ဆရာကြီးမင်းသုဝဏ်၏ ကလေးကဗျာများထဲက “အုန်းလက်နွား”  ဆိုတဲ့ စကားလုံးက သက်သေခံနေပါသည်။ ယနေ့ အချိန်ထိလည်း အုန်းလက်တွေကို အသုံးပြုပြီး၊ သင်္ကြန်ရေကစားမဏ္ဍပ်ကဲ့သို့ ယာယီအဆောက်အအုံများတွင် အမိုးအကာ ပြုလုပ်ခြင်းအားဖြင့် အရိပ်လည်းရ အလှလည်းဆင်ပြီးသား ဖြစ်သွားပါ သည်။ အုန်းရွက်ကလေးတွေနဲ့ပြုလုပ်ထားသော ဦးထုပ်လေးများသည် လှပ၍ နေပူဒဏ်ကိုလည်း ကာကွယ်ပေးနိုင်သဖြင့် လူတော်တော်များ နှစ်ခြိုက်ကြပါသည်။

      အုန်းပင်ကို ခုတ်လှဲရာတွင် ခုတ်လှဲလိုက်တဲ့ အုန်းပင်၏ ပင်စည်ကို မြောင်းကူးတံ တားအဖြစ်သုံးလို့ရကြောင်း၊ ယခုကဲ့သို့ အမျိုးမျိုးအသုံးဝင်တဲ့ အုန်းပင်ကို မလေးရှားနှင့် ဖိလစ်ပိုင်ကဲ့သို့နိုင်ငံများတွင် ဘဝအတွက်လိုအပ်သမျှကို ဖြည့်ဆည်းပေးတဲ့ အပင်၊  နည်းမျိုးစုံသုံးနိုင်တဲ့အပင်၊ Tree of life စသဖြင့်တင်စားပြောဆိုကြကြောင်း၊ အုန်းသီးခွံကို  အိမ်တွင်းအလှဆင် မီးဆိုင်း၊ အလှတင်အရုပ်၊ အုန်းသီးခွံပန်းကန်လုံးများကိုလည်း အတော်များများ အသုံးပြုလာကြကြောင်း၊ အုန်းသီးအခွံကို အခုခေတ်အခါမှာ ဖက်ရှင်ဆန်ဆန်ဝတ်ဆင်လို့ရအောင် ပြုလုပ်ထားတဲ့ Accessories တွေလည်း အသုံးပြုလာကြောင်း တွေ့ရပါသည်။

     အုန်းသီးကို စားဖွယ်စုံ မုန့်အမျိုးမျိုးတွင် အသုံးပြုပါသည်။ မြန်မာ့မုန့်ပဲသရေစာ တော်တော်များများမှာ အုန်းသီးနှင့် မကင်းနိုင်ကြပါ။ အုန်းထန်းလျက်၊ ကောက်ညှင်း ပေါင်း၊ ကောက်ညှင်းထုပ်၊ အုန်းယို၊ အုန်းနို့ခေါက်ဆွဲ၊ ဆနွင်းမကင်း၊ ထမနဲ၊ သာခွေယိုင် (ခေါ်) နန်းကထိ၊ မုန့်ကျွဲသဲ၊ ထန်းသီးမုန့်၊ ထိုးမုန့်၊ ရွှေထမင်း၊ ငွေထမင်း၊ ဟာလဝါ၊ မုန့်ကုလားမဲ၊ မုန့်စိမ်းပေါင်း၊ မုန့်လုံးရေပေါ်၊ ကရေကရာ၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ သာဂူကျို၊ ငှက်ပျောသီးမုန့်၊ မုန့်ပိန္နဲစေ့၊ ဂျုံကျို၊ မုန့်ထုပ်ကြီး၊ ပြန်ပေါင်းထုပ်၊ မုန့်လုံးကြီးကြော်၊ မုန့်ဗိုင်းတောင့်၊ မုန့်အုပ်ကလေး၊ ပေါင်မုန့်ရေခဲညှပ်၊ ရေခဲချောင်း၊ ရေခဲမုန့်၊ ဖာလူဒါစသဖြင့် မုန့်ပဲသရေစာများတွင်သာမက အရွယ်သုံးပါးကြိုက်တဲ့ အုန်းထမင်းထဲတွင်လည်း အဆီအနှစ် ပြည့်ဝသော အုန်းနို့ပါမှအရသာပိုကောင်းလှပါသည်။ အုန်းရည်ကို အချို့ကသူ့ချည်း သက်သက် အရသာခံသောက်၍လည်းကောင်း၊ သကြားနှင့်ဖျော်၍လည်းကောင်း၊ အုန်းသီး နုနု အသားပါးပါးကို ဇွန်းဖြင့်ခြစ်ယူကာ အုန်းစိမ်းရည်ထဲ ထည့်ဖျော်၍လည်းကောင်း သောက်သုံးကြပြီး အုန်းသီးအတွင်းမှ အဆန်(ဆန်ခြည်ထွေး)ကလည်း ခပ်ပွပွ ခပ်မွမွလေးဖြင့်စားရသည်မှာ လွန်စွာမှအရသာရှိလှပါသဖြင့် အုန်းရည်ကို လူတိုင်းကြိုက်နှစ်သက်သည်။ သဘာဝသစ်သီးရည်အနေနဲ့ သောက်သုံးနေကြပါသည်။ ဒါ့ကြောင့် အုန်းသီးတစ်ခုလုံး ဘယ်အစိတ်အပိုင်းမှ လွှင့်ပစ်စရာမလိုလောက်အောင် အသုံးဝင်လှကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(ကရင်)