Main menu

မုံရွာမြို့နယ်၊ ကျောက္ကာရွာမှ ပန်းဆယ်မျိုး စာရင်းဝင် ယွန်းလုပ်ငန်းအကြောင်းတစေ့တစောင်း

Powered by Drupal
Tue, 10/24/2023 - 12:14 -- consumer_admin

          ဘုရားမတင် နတ်မဝင် လူတွင်ပန်းဆယ်မျိုးဟူ၍ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ပန်းပညာ ဆယ်မျိုးကို ရှေးဘိုးဘွားများက မှတ်တမ်းတင်ထားခဲ့ကြပါသည်။ ပန်းပညာဆယ်မျိုးမှာ ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊  ပန်းပု၊ ပန်းရန်၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း တို့ဖြစ်ကြသည်။

         ပန်းဆယ်မျိုးအနက် ယွန်းထည်ပညာကို ၁၅၅၅-၁၅၆၂ခုနှစ်အတွင်း ဘုရင့်နောင်မင်းကြီး သည် မဏိပူရ၊ ဗန်းမော်၊ ဇင်းမယ်(ယခုချင်းမိုင်)နှင့်လင်းဇင်း( ယခု Lan Xang) တို့ကို အောင်မြင်စွာ သိမ်းသွင်းခဲ့ပြီး၊ ရွှေလီမြစ်တစ်လျှောက် ယူနန်ပြည်နယ်သို့ ဆန်တက်စဉ် ကျွမ်းကျင်သော လက်မှု ပညာရှင် အများအပြားကို ဗမာပြည်သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုစဉ်က ချင်းမိုင်ဒေသရှိ ယွန်း သို့မဟုတ် လာအိုရှမ်း (Laos Shan) လူမျိုးစုများ၏ လက်မှုပညာများကို မြန်မာနိုင်ငံတွင်း တင်သွင်း ခဲ့ချိန်မှစကာ မြန်မာနိုင်ငံတွင် လက်ရာပြောင်မြောက်သည့် ယွန်းထည်ပစ္စည်းများ စတင်ထွန်းကား လာသည်ဟု ယူဆကြသည်။ ယွန်းလူမျိုးများကို အစွဲပြု၍ ယွန်းထည်ဟုခေါ်တွင်လာခဲ့သည်။

      ယွန်းထည်ပစ္စည်းများထုတ်လုပ်သည့် လက်မှုပညာကို ပန်းယွန်းဟုခေါ်သည်။ ယွန်းသည် မြန်မာ့သစ်တောများမှ သဘာဝပေါက်သစ်စေးပင် (Melanorrhoea usaitatissima) မီလာနိုဟိုရီးယား ယူဆီတတ်တီစီမ မှ ခြစ်ထုတ်ထားသော အစေးဖြစ်ပါသည်။ ၎င်းသည် အဝါဖျော့ရောင်ရှိပြီ၊ လေနှင့် ထိတွေ့ပါက အမည်းရောင်အဖြစ်ပြောင်းသွားသည်။ စုတ်တံဖြင့်သုတ်သောအခါ သို့မဟုတ် အပေါ်မှ အုပ်သောအခါ မာကြောပြောင်လက်ကာ ချောမွတ်သည့်မျက်နှာပြင်တစ်ခုဖြစ်ပေါ်လာသည်။ သစ်စေး သုတ်ထားသော ယွန်းထည်ပစ္စည်းများသည် အပူနှင့်စိုထိုင်းမှုဒဏ်ကို ခံနိုင်စွမ်းရှိသည်။ 

      ယွန်းထည်လုပ်ငန်းသည် ရှေးနှစ်ပေါင်းများစွာကတည်းက ပုဂံ၊ မန္တလေး၊ အင်းဝ၊ ဝက်သဲ (ရေဦးနယ်)၊ ကျောက္ကာ(မုံရွာမြို့နယ်)နေရာများသည် မြန်မာ့ရိုးရာ ယွန်းထည်လုပ်ငန်းများ လုပ်ကိုင် ကြကြောင်း လေ့လာသိရှိရသည်။ ယင်းတို့အနက် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာ ကျေးရွာမှ ယွန်းထည်လုပ်ငန်းအကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

       ကျောက္ကာကျေးရွာသည် မုံရွာမြို့အရှေ့ဘက် ၉မိုင်အကွာတွင် တည်ရှိပြီး အိမ်ခြေ၈၀၀ခန့် ရှိ ကာ ကျောက္ကာတောင်ရွာနှင့် ကျောက္ကာမြောက်ရွာဟူ၍ နှစ်ရွာရှိသည့်အနက် ကျောက္ကာမြောက်ရွာ သည် တစ်ရွာလုံးနီးပါး ယွန်းလက်မှုရိုးရာလုပ်ငန်းဖြင့် အသက်မွေး လုပ်ကိုင်လာသည်မှာ နှစ်ပေါင်း(၂၀၀)ကျော်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း၊ မိဘ ဘိုးဘွား ဘီဘင် လက်ထက်ကတည်းက ပြုလုပ်သုံးစွဲခဲ့သည့် ယွန်းထည်ပစ္စည်းများက သက်သေပြုနေကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ၌ ကျောက္ကာရွာထွက် ယွန်းထည်ပစ္စည်းများသည် ကျောက္ကာထည်ဟူ၍ ထင်ရှားကျော်ကြားပါသည်။ ယွန်းထည်လုပ်ငန်းသည်ရွာ၏ ယဉ်ကျေးမှု အမှတ်လက္ခဏာဖြစ်ပြီး အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည်ခဲ့ရာမှ ယခုယွန်းလုပ်ငန်းလုပ်ကိုင်သူ နည်းပါးလာခဲ့ရာ ယွန်းလုပ်ငန်းရှင် ၁၄ ဦးနှင့် ယွန်း လုပ်သား ၅၅ ဦးခန့် ရှိသည်။ မုံရွာမြို့ အရှေ့ဘက် ကျောက္ကာရွာသို့သွားသည့်လမ်းကို ကျောက္ကာ လမ်းဟု အမည်တွင်ပြီး ယွန်းထည်ပစ္စည်းများထုတ်လုပ်ခြင်းကို ကိုယ်စားပြု၍ လမ်းဆုံအဝိုင်းပတ် တွင် ဆွမ်းအုပ်ပုံဖန်တီးကာ အမှတ်သင်္ကေတ ပြုလုပ်ထားသည်။

          ယွန်းထည်ပစ္စည်းထုတ်လုပ်ပုံနည်းလမ်းမှာ လက်သက်သက်ဖြင့်သာ ထုတ်လုပ်ရခြင်းဖြစ်၍ လက်မှုလုပ်ငန်း(Hand Made) စစ်စစ်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ရှေးကျသည့် အမွေအနှစ်အဖြစ်လည်းကောင်း တန်ဖိုးထားကြခြင်းဖြစ်သည်။

        ယွန်းထည်ပစ္စည်းပြုလုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများမှာ ဝါး၊ ရိုးမှုန့်(ပုဂံဒေသမှ ဝယ်)၊ ကျွန်းလွှစာမှုန့်(မုံရွာသစ်စက်မှ ဝယ်)၊ သစ်စေး(မင်းကင်း၊ တောင်ငူ၊ မြို့လှ၊ ဘားအံ၊ သထုံ၊ မော်လမြိုင်မှ ဝယ်)၊ ဟင်္သပဒါး( ရန်ကုန်၊ မန္တလေးရှိ အိန္ဒိယဆေးရောင်စုံဆိုင်များ၊ ရွှေထီး၊ ရွှေဆိုင်း ဆိုင်များမှ ဝယ်)၊ ရောင်စုံဆေးမှုန့် (မြန်မာ့ဓာတုကုန်ထုတ်လုပ်ငန်းစု၊ ရန်ကုန်၊ မန္တလေးရှိ အိန္ဒိယဆေးရောင်စုံဆိုင်များမှ ဝယ်)၊ ရွှေဆိုင်း(မန္တလေးမြို့ မျက်ပါးရပ် ရွှေဆိုင်းဆိုင်များမှ ဝယ်)၊ ကော်ပတ်( မုံရွာကုန်မာဆိုင်များမှ ဝယ်)၊ သင်္ဘောဆေး(မုံရွာမြို့မှ ဝယ်) စသည်တို့ လိုအပ်ကြောင်း သိရပါသည်။

         ယွန်း၏ ကောင်းခြင်းဂုဏ်ကို ယွန်းအလွှာများဖြင့် သတ်မှတ်ကြသည်။ ယွန်းထည်ပစ္စည်း ထုတ်လုပ်ပုံ အဆင့်ဆင့်မှာ ပထမဦးစွာ မဲတင်းခ ဝါးများကို အဆစ်လိုက်ဖြတ်ပြီး တစ်လက်မခန့် နှီးလောင်းများပြုလုပ်ကာ လိုချင်သောအရွယ်ရရှိအောင် နှီးဖြာ၊ နှီးစိပ်ခြင်းပြုလုပ်ရပါသည်။ ယွန်းထည်ပစ္စည်းတစ်ခုပြုလုပ်ရာတွင် အဖြူထည်/ အကြမ်းထည်ဖြစ်စေရန် လွှာယူထားသော ဝါးနှီးဖြင့် လိုချင်သောပုံစံရအောင် အောက်ခြေမှစ၍ အဆင့်ဆင့် ပုံသွင်းခွေယူ နှီးထိုးခြင်းကို ဒုတိယအဆင့်ပြုလုပ်ပါသည်။ ဆက်လက်၍ အဖြူထည်၊ အကြမ်းထည်အား ချောမွေ့စေရန် ဓါးကောက်ဖြင့် နှီးခြစ်ခြင်းလုပ်ငန်းကို ပြုလုပ်သည်။ ကျွန်းသားမှရသော လွှစာမှုန့်နှင့် သစ်စေး ရောနှောကာ အဖြူထည်၊ အကြမ်းထည်များကို ခိုင်ခံ့မှုရှိစေရန် သုတ်လိမ်းခြင်းဖြစ်သည့် သားရိုး ကိုင်ခြင်းလုပ်ငန်းကို ပြုလုပ်သည်။ သားရိုးကိုင်ပြီးသော ပစ္စည်းများကို ပေ(၃၀)ပတ်လည် အကျယ် လေလုံမြေတိုက်အတွင်းသို့ သစ်စေးအိပ်အောင် ၅ရက်ကြာမြင့်အောင် ထားခြင်းကို  တိုက်ချခြင်း ဟုခေါ်ကြောင်း သိရှိရပါသည်။ တိုက်ချပြီးနောက် တိုက်ဖော်ပြီး၊ အမှုန့်ကြိတ်ထားသော နူးညံ့သည့် နွံမှုန့်နှင့်သစ်စေးရော၍ အပျော့သုတ်လိမ်းကာ ခြောက်သွေ့စေရန်  ထပ်မံ၍ တိုက်ချခြင်းကို (၇)ရက် ကြာပြုလုပ်ပြီးမှ တိုက်ဖော်ပါသည်။  တိုက်ဖော်ပြီး ပစ္စည်းအထည်များအား ရေစွတ်ကာ အာလူး ကျောက်ခဲဖြင့် ပွတ်တိုက်ပြီး ထပ်မံ၍အုန်းဆံဖတ်ဖြင့်  အထည်ချောမွေ့စေရန် ပွတ်တိုက်အမှုန်ခါ ခြင်း လုပ်ငန်းကို ပြုလုပ်ရပါသည်။ ဆက်လက်၍ အလယ်အလတ်တန်းစား သစ်စေးကို ယွန်းထည်ပစ္စည်း၏ အတွင်း/အပြင် သုတ်လိမ်းပြီး အထည်မာစေရန်နှင့် သစ်စေးအိပ်စေရန် တိုက်ချခြင်း၊ လေနှင့်နေထိတွေ့ရန် တိုက်ဖော်ခြင်း လုပ်ငန်းများကို (၇)ရက်ကြာအောင် ပြုလုပ်ကြောင်း သိရပါသည်။ ညီညာခိုင်ခံ့သည် အချောထည်ဖြစ်စေရန် စစ်ယူထားသော သစ်စေးဖြင့် အချောတစ်ထပ် သုတ်ခြင်းကို ပြုလုပ်ပြီးနောက် တိုက်ချခြင်း၊ တိုက်ဖော်ခြင်း လုပ်ငန်းကို ပြုလုပ်ရာတွင်အချိန် (၁၀)ရက်ခန့် ကြာမြင့်ပါသည်။ ပြီးနောက် ဇကာ(၅)မျိုးဖြင့် နေရောင်အောက်တွင် အကြိမ်ကြိမ် စစ်ထားသော သစ်စေးဖြင့် အရောင်တင်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကာ အသင့်သုံးစွဲနိုင်သည့် အနက်ထည်ပစ္စည်းဖြစ်စေရန် တိုက်ချခြင်း၊ တိုက်ဖော်ခြင်းလုပ်ငန်းကို အချိန်(၁၂)ရက်ခန့်ကြာအောင် ပြုလုပ်ရပါသည်။ အသင့်သုံး အနက်ထည်များ ရရှိပြီးပါက ကညစ်တံဖြင့် ယွန်းထည်ပေါ်တွင် ဗုဒ္ဓဝင် ဇာတ်ကြီးဆယ်ဘွဲ့၊ လေးတော်တင်၊ မြင်းခင်း၊ ပုဂံခေတ်ပန်းချီ၊ ပန်းမျိုးစုံ စသည်ဖြင့်  ယွန်းပန်းချီ အလှဆင်ခြင်းလုပ်ငန်းကို လုပ်ကိုင်ပါသည်။ အချောအနက်ထည်ပစ္စည်းများကို အသင့်ရောင်းချနိုင်ရန် ဆေးပန်းရေးခြင်း သို့မဟုတ် ကညစ်ရေးထားသော လက်ရာအတွင်း အရောင်စုံ နှစ်သက်ရာ အရောင် ဆေးမှုန့်သွင်းခြင်းလုပ်ငန်းကို လုပ်ကိုင်ပြီး၊ ယွန်းထည်ပစ္စည်းအတွင်းပိုင်းအား နောက်ဆုံးအဆင့် ဟင်္သပဒါးအနီသုတ်ခြင်းကို ပြုလုပ်ရကြောင်း သိရပါသည်။

တန်ဖိုးမြှင့် ယွန်းထည်ပစ္စည်းထုတ်လုပ်ပုံ

ဘာသာရေး၊ သာသနာရေးသုံး၊ မင်္ဂလာအခမ်းအနား ကန်တော့ပွဲသုံး၊ တိုင်းရင်းသားရိုးရာ ဓလေ့သုံးပစ္စည်းများအတွက် ကြိုးခင်းအထည်ကြီးများ ပြုလုပ်ရန် ကြိုးချောင်းကလေးများနှင့် လိုအပ်သော ပန်းခွေ၊ သဇင်ခွေများဖြင့် ပုံဖော်အလှဆင်ခြင်းလုပ်ငန်းကို ပြုလုပ်ပါသည်။ ၎င်း လုပ်ငန်းကို ပန်းကြွကြိုးခင်းခြင်းဟုခေါ်ဝေါ်ကြောင်း သိရပါသည်။ ထိုနောက် အုပ်အညွန့်၊ အုပ်၊ သုံးချောင်းထောက် ခြေထောက်များကို ပန်းပွတ်ထိုးခြင်း ပြုလုပ်ပါသည်။ ရွှေချရန်လိုအပ်သော အချောယွန်းထည်များအား ရွှေချခြင်းလုပ်ငန်းများကို လုပ်ကိုင်ရကြောင်းသိရသည်။

          ယွန်းထည်ပစ္စည်း တစ်ခုပြုလုပ်ရာတွင် ယွန်းထည်ပစ္စည်း မည်သည့် အရွယ်အမျိုးအစားဖြစ်စေ ကြာမြင့်ချိန် အနည်းဆုံး(၆)လ၊ (၈)လ၊ တစ်နှစ်ထိ ကြာမြင့်ပါသည်။ ပစ္စည်းအရေအတွက် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ လုပ်ကိုင်ရသည့် ကြာမြင့်ချိန်နှင့် လုပ်ငန်းပြုလုပ်ရသည့် အဆင့်ဆင့်မှာ အတူတူပင်ဖြစ်သည်။ လုပ်ငန်းလုပ်ကိုင်မှုမှာလည်း နေ့စဉ်လည်ပတ်လျက်ရှိပြီး အထူးအော်ဒါများရှိပါက ပိုမိုထုတ်လုပ်ကြသည်။ မိုးရာသီတွင် အကြမ်းထည်၊ အဖြူထည်များ စုစည်းထားပြီး ပွင့်လင်းရာသီ‌ရောက်ရှိလာပါက အချောထည်များ ပိုမိုပြုလုပ်ကြသည်။

လုပ်သားအင်အား

     ယွန်းလုပ်ငန်းလုပ်ကိုင်သူများသည် လုပ်ငန်းအကြီး/အသေးပေါ်မူတည်၍ တစ်ပိုင်တစ်နိုင် မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်ခြင်းနှင့်  နေ့စားယွန်းလုပ်သားများ ငှားရမ်း၍ လုပ်ကိုင်ခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။ ယွန်းလုပ်ငန်းသည် အဆင့်ဆင့်လုပ်ကိုင်ရသော လုပ်ငန်းဖြစ်၍ ယွန်းလုပ်သားများသည် ကျွမ်းကျင်မှုကဏ္ဍအလိုက် ယွန်းလုပ်ငန်းများတွင် အလှည့်ကျလုပ်ကိုင်ကြသည်။ လုပ်အားခအနေဖြင့် အမျိုးသမီးလုပ်သားတစ်ဦး တစ်ရက်လုပ်ခ ကျပ် ၅၀၀၀/၆၀၀၀၊ အမျိုးသား လုပ်သားတစ်ဦး တစ်ရက်လုပ်ခ ကျပ် ၈၀၀၀/၁၀၀၀၀ ပေးချေရကြောင်း သိရှိရပါသည်။

ဈေးနှုန်း၊ဈေးကွက်

          ကျောက္ကာရွာမှ ပြုလုပ်သည့် ယွန်းထည်ပစ္စည်းများမှာ ဆွမ်းအုပ်(ရွှေချ၊ အနီ)၊ အဖုံးမပါ ပွဲပြင်အုပ်(ရွှေချ၊ အနီ)၊ အုပ်စုံ(ရွှေချ၊အနီ)၊ ဒေါင်းလန်း၊ သုံးခြောက်ထောက် စသည်တို့ကို အရွယ်အစား အမျိုးမျိုးဖြင့် ဈေးနှုန်း အနည်းဆုံး ကျပ် ငါးထောင်/ရှစ်ထောင်မှ အများဆုံး ကျပ် ရှစ်သောင်း/ တစ်သိန်း ထိ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြကြောင်းသိရပါသည်။

          ကျောက္ကာရွာမှထွက်ရှိသော ရိုးရာလက်မှုယွန်းထည်များကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ ပုသိမ်၊ ဟင်္သာတစသည့်မြန်မာပြည်အနှံ့ရှိ သင်္ကန်းပရိက္ခရာဆိုင်များသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။ ကျောက္ကာရွာရှိ ဆုတောင်းပြည့်ရွှေဂူနီမြတ်စွာဘုရားကြီးတွင် ယွန်းထည်ဆိုင်ခန်းများ ဖွင့်လှစ်၍လည်း ရောင်းချပါသည်။ နယ်စပ်ဒေသမြဝတီမြို့ ကုန်သည်များမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရပါသည်။ ထို့ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့နှင့် ချိတ်ဆက်ကာ ပြည်တွင်းကုန်စည်ပြပွဲများ၌ ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ခြင်းဖြင့် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ကလည်း မြန်မာ့ယွန်းထည်များကို နှစ်သက်စွာ ဝယ်ယူကြကြောင်း သိရပါသည်။

     မြန်မာ့ရိုးရာ ယွန်းထည်လုပ်ငန်းသည် ရှေးနှစ်ပေါင်းများစွာမှ ရှင်သန်ထွန်းကားလာသော ယဉ်ကျေးမှုအမွေအနှစ် လက်မှုလုပ်ငန်းတစ်ခုဖြစ်ပါသည်။ နိုင်ငံတော်မှလည်း အသေးစား၊ အငယ်စား၊ အလတ်စား(MSME) စီးပွားရေးလုပ်ငန်းများဖြစ်သည့် စက်မှု၊လက်မှု လုပ်ငန်းများကို အားပေးကူညီလျက်ရှိပါသည်။ ယွန်းထည်လုပ်ငန်းများ ရှင်သန်တိုးတက်စေရေးအတွက် ပုဂံယွန်း ကောလိပ်မှ ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ခေတ်မီဆန်းသစ်သည့် ယွန်းပညာ အသစ်အဆန်း များ၊ နည်းပညာများအား ပို့ချလျက်ရှိရာ မျိုးဆက်သစ် လူငယ်များကို လက်ဆင့်ကမ်းအမွေအဖြစ် ခံယူသင်ကြားစေခြင်းဖြင့် ကမ္ဘာ့အလယ်တွင် မြန်မာ့ယွန်းထည်ဟု ဂုဏ်ယူဝင့်ကြွားနိုင်ရန် မြန်မာ့ရိုးရာ ယွန်းလုပ်ငန်းရှင်များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုက်တွန်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)