တရားဝင်တင်သွင်းခွင့် အထောက်အထားတင်ပြနိုင်ခြင်းမရှိသောကြောင့် သံလွင်တံတားစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီး၍ အမှုဖွင့်ထားသော ကုန်စည်များမှ ပုပ်သိုးပျက်စီးလွယ်သော အသားလုံး အသားတုများအား အကောက်ခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပါဝင်သောအဖွဲ့စုံဖြင့် ဘားအံမြို့ ထန်းကိုးပင် သုဿာန်တွင် ဖျက်ဆီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် ထိုင်းနိုင်ငံထုတ် အသားလုံး/အသားတုမျိုးစုံ ၅၀ကီလိုပါ အိတ် ၄၀ အတွက် ၂၄၀၀၀၀၀/ကျပ်တန်ဖိုးရှိပစ္စည်းများကို ၁၈-၁၀-၂၀၂၃ ရက်နေ့တွင် လည်းကောင်း၊ ထိုင်းနိုင်ငံထုတ် အသားလုံး/အသားတုမျိုးစုံ ၅၀ကီလိုပါ ၂၇အိတ်အတွက် ၂၀၂၅၀၀၀/ကျပ်တန်ဖိုးရှိပစ္စည်းများကို ၁၉-၁၀-၂၀၂၃ ရက်နေ့တွင်လည်းကောင်း အဖွဲ့စုံဖြင့် စနစ်တကျဖျက်ဆီးခဲ့ကြောင်း သိရသည်။
အေးခဲသားအပါအဝင် အသားလုံး/အသားတုများတွင် ကုန်အညွှန်းအမှတ်အသား မပြည့်စုံခြင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါရှိခြင်းနှင့် သက်ဆိုင်ရာဌာနများတွင် စိစစ်ခံမှုများမရှိဘဲ မြတီနယ်စပ်ရှိ တရားမဝင် ဂိတ်ပေါက်များ တရားမဝင်တင်သွင်းလာခြင်းဖြစ်ပြီး တရားမဝင်ကုန်သွယ်မှု ပပျောက်စေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တရားဝင်တင်သွင်းခွင့် အထောက်အထားမပါရှိသော ကုန်စည်များနှင့် စားသောက်ကုန်များကို ပြည်နယ်/ခရိုင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များဖြင့် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)