မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်၊ လုပ်ငန်းရှင်များအားလည်း မိမိတို့လိုက်နာမည့်တာဝန်နှင့် တားမြစ်ချက်များကို သိရှိစေရန်၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အလိုက် စားသုံးသူအသိပညာပေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူအသိပညာပေးဆွေးနွေးခြင်း (၄၄)ကြိမ်၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း (၇၂)ကြိမ်၊ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း(၁) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်နိုင်မှုအနေဖြင့် "စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှု ရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ" အလုပ်ရုံဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် (၁၇.၁၀.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)မှ နေ့လည်(၁၂:၃၀)ထိကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဆီစက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် ဆီဖြန့်ဖြူး ရောင်းချသူလုပ်ငန်းရှင်များ၊ စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူအသင်းမှ တာဝန်ရှိသူများ၊ စားသောက်ကုန်ထုတ်လုပ်သူ မုန့်လုပ်ငန်းရှင်များ၊ စတိုးဆိုင်၊ ကုန်စုံဆိုင်လုပ်ငန်းရှင်များ၊ စားသုံးသူ ရေးရာဦးစီးဌာနမှဝန်ထမ်းများ စုစုပေါင်း(၆၄)ဦး တက်ရောက်နိုင်ခဲ့ပါသည်။
အသိပညာပေးခြင်းဆောင်ရွက်နိုင်မှုအနေဖြင့် မကွေး၊ ရေနံချောင်း၊ နတ်မောက်၊ ချောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ သရက်၊ အောင်လံ၊ မင်းတုန်း၊ ကံမ၊ ဆင်ပေါင်ဝဲ၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဂန့်ဂေါမြို့နယ်များအတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများသို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ စလင်း၊ မင်းတုန်း၊ ကံမမြို့ နယ်များ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၌ ကျင်းပပြုလုပ်သော စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show များဆောင်ရွက်ခြင်း၊ မကွေးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဘဏ်ဝန်ထမ်းများ၊ ဖိုလေးလုံးကျေးရွာမှ ရွာသူ/သားများအားလည်းကောင်း၊ ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာစည်ပင်ဈေးသို့ လာရောက်ဈေးဝယ်သူများအားလည်းကောင်း စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။
လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာတွင် မကွေး၊ ရေနံချောင်း၊ နတ်မောက်၊ ချောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ သရက်၊ အောင်လံ၊ မင်းတုန်း၊ ကံမ၊ ဆင်ပေါင်ဝဲ၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဂန့်ဂေါ၊ မင်းလှမြို့နယ်များရှိ စားသောက်ကုန် လုပ်ငန်းရှင်များ၊ ကုန်မျိုးစုံအရောင်းဆိုင်များ၊ မုန့်ထုတ်လုပ်သူလုပ်ငန်းရှင်များ၊ စတိုးဆိုင်လုပ်ငန်းရှင်များအား ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဆီစက်/ ဆန်စက်/ ဆုံဆီလုပ်ငန်းရှင်များ အား ပဲဆီ/ နှမ်းဆီများကိုစားအုန်းဆီများနှင့်ရော၍ ရောဆီအဖြစ် ခွက်မှောက်ခွက်လှန်စနစ်ဖြင့် ရောင်းချခဲ့ရာ ယခုအခါတွင် စားသုံးသူများအပေါ် လိမ်လည်လှည့်ဖျားခြင်း မရှိစေရန် ပဲဆီ/ နှမ်းဆီ/ စားအုန်းဆီဟုသာရောင်းချစေပြီး စားသုံးသူတောင်းဆိုသည့်အတိုင်း ပဲဆီ/ နှမ်းဆီနှင့်စားအုန်းဆီတို့ကို စားသုံးသူ၏ရှေ့မှောက်၌ရောစပ်ရောင်းချရန် စားသုံးသူများ၏မျက်ကွယ်တွင် ရောစပ်၍ ရောဆီ အဖြစ်ရောင်းချနေမှုအား တားမြစ်ထားကြောင်းနှင့် ခွက်မှောက်ခွက်လှန်စနစ်ဖြင့် ရောင်းချလျက်ရှိရာတွင် ဆီထည့်သည့်ပုံးများအား စတီးလ်ပုံးများဖြင့် အဖုံးများဖုံးအုပ်၍ ရောင်းချသွားရန်၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုမရှိစေရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေးအသိပေးဆွေးနွေးခြင်း၊ ဆေးဆိုင်လုပ်ငန်းရှင်များအား FDA ထောက်ခံချက်မရှိသောဆေးဝါးများ ရောင်းချခြင်းမပြုရန်နှင့် ရောင်းချခွင့်ရှိသော ဆေးဝါများကိုလည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ဆေးဝါးများကိုသာ ရောင်းချသွားရန် အသိပညာပေးဆွေးနွေးခြင်း၊ ဂန့်ဂေါမြို့နယ် ကျောက်တိုက်ရပ်နှင့် စည်ပင်သာယာရပ်ရှိ စံရှား၊ ငွေတံတား သောက်ရေသန့်လုပ်ငန်းရှင်များ၊ ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာရှိ တမာရိပ် သောက် ရေသန့်လုပ်ငန်းရှင်တို့အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် လုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပေးဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)