Main menu

စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားရှင်းလင်းဆွေးနွေး

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးတွင် ၅.၁.၂၀၂၂ ရက်နေ့ ၁၀:၀၀ နာရီအချိန်၌ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၈)ဦးအားဖိတ်ကြား၍ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အပေါ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

         ဆွေးနွေးရာတွင် ဒုတိယပြည်နယ်ဦးစီးမှူး ဦးစန်းလွင်ဦးက ကုန်စည်အုပ်စု(၈)ခုအနက် အုပ်စု(က) အစားအသောက်ကုန်စည်အုပ်စုတွင်ပါဝင်သည့် စားသုံးဆီအမျိုးမျိူးနှင့်စပ်လျဉ်း၍ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန်လိုအပ်ကြောင်း၊ ဈေးကွက်အတွင်း အချို့သော စားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီဟူ၍ဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူးလျှက်ရှိခြင်းကြောင့် ပင်ရင်းပစ္စည်းများကို အခြေခံဖော်ပြထားခြင်းမရှိသော ယေဘုယျဆန်သည့် အမျိုးအမည်တစ်ခုသာဖြစ်ကြောင်း၊ စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေးအတွက် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်အမျိူးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သား တို့ဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက် ၁/၂၀၂၁ သည် စတင်ထုတ်ပြန်သည့် ၂၀.၁၂.၂၀၂၁ ရက်နေ့မှ (၆)လ ပြည့်မြောက်ပြီးသည့်နေ့မှစ၍ အာဏာသက်ရောက်မည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကိုက်ညီမှု ရှိ/မရှိ သက်ဆိုင်ရာ ဦးစီးဌာနတွင် တင်ပြလျှောက်ထားရန်နှင့် ကုန်အညွှန်းအမှတ်အသားကိုက်ညီကြောင်း  အကြောင်းကြားစာ ရရှိပြီးမှသာ ဈေးကွက်သို့ တင်ပို့ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်ပုဒ်မ(၆၈)အရ ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရန်နှင့် ဖောက်ဖျတ်ကျူးလွန်ပါက ပုဒ်မ(၇၃)အရ ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန                                                     

ကချင်ပြည်နယ်