တောင်ငူမြို့ အနီးတဝိုက်တွင် ထန်းပင်ထန်းတောများ များစွာရှိပါသည်။ လွန်ခဲ့သော နှစ် ၅၀၀ ခန့်က တောင်ငူဘုရင် တပင်ရွှေထီးသည် ၎င်းထန်းတောများသို့ အပန်းဖြေထွက်သည်ဟု ပါးစပ်ရာဇဝင်ရှိခဲ့ပါသည်။ ဘုရင်တပင်ရွှေထီးနှစ်သက်ခဲ့သော ထန်းတောသည် အမှန်တကယ်လည်း လူတို့အတွက် အကျိုးပြုပါသည်။
ထန်းပင်တစ်ပင်လုံး အသုံးမဝင်သည့် နေရာမရှိပါ။ အခြားအပင်များမှာ တစ်ပင်လုံး အသုံးဝင်သည် ဆိုစေအုံးတော့ အရွက်မှာ လူတို့အတွက် အမှိုက်သာဖြစ်ပါသည်။ ထန်းပင်ကား ထိုသို့မဟုတ်။ ကျေးလက်ဒေသများ၌ ထန်းရွက်ကို အမိုး၊ အကာအဖြစ် အသုံးပြုနိုင်ပါသည်။ ထန်းရွက်ယပ်တောင်အဖြစ်လည်း တန်ဖိုးမြင့် ထုတ်လုပ်နိုင်ပါသည်။ ထန်းလက်ကို နှီးဖြာ၍ ထန်းကြောဖျာ၊ ထန်းခေါက်ဖာများ ယက်လုပ်အသုံးပြုနိုင်ပါသည်။ ထန်းလက်ကုလားထိုင်ပြုလုပ်၍လည်း အသုံးပြု နိုင်ပါသည်။
ထန်းပင်မှ ထန်းရည်ကိုလည်း လူအများကြိုက်နှစ်သက်ကြပါသည်။ ထန်းရည်မှ ထန်းလျက်ချက်၍ စားသုံးနိုင်ပါသည်။ ထန်းသီးအနုသည် ဂျယ်လီကဲ့သို့ နှစ်သက်စွာ စားသုံးနိုင်ပါသည်။ ထန်းသီးမှ ထန်းသီးမုန့်ပြုလုပ် စားသုံးနိုင်ပါသည်။ ထန်းသီးအမှည့်များကို မြေကြီးပေါ်တွင် စုပုံ၍ထားလျှင် လေးလခန့်အကြာတွင် ထန်းမြစ်အဖြစ်ပြောင်းလဲပါသည်။ ၎င်းထန်းမြစ်ကို ပြုတ်၍ လည်းကောင်း၊ မီးဖုတ်၍ လည်းကောင်း စားသုံးနိုင်ပါသည်။
ထန်းသားကို အိမ်အဆောက်အဦများတွင် အသုံးပြုနိုင်ပါသည်။ ထန်းသားသည် သစ်သားထက်ပို၍ပင်ကောင်းကြောင်း ထန်းသားဖြင့် နေအိမ်ဆောက်လုပ်သူများက ဆိုပါသည်။ သို့ဖြစ်ရာ ထန်းပင်ထန်းတော ပိုင်ဆိုင်သူတစ်ဦးအနေဖြင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရလျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)