Main menu

ဒေသထုတ်စားသောက်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ငန်းရှင်များအားအသိပညာပေးဆောင်ရွက်

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံခရိုင် ဖျာပုံမြို့နယ်နှင့် ကျိုက်လတ်မြို့နယ် ဦးစီးမှူးရုံးတို့တွင် မြို့နယ်တာဝန်ခံတို့နှင့် ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ဒေသထုတ်စားသောက်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ဖျာပုံမြို့ နယ်လုပ်ငန်းရှင်(၁၅)ဦး၊ကျိုက်လတ်မြို့နယ်(၈)ဦးတို့အား စားသုံးသူကာကွယ်ပေးရေးဆိုင်ရာနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ပုဒ်မ(၄၁)(၄၃)အရထုတ် ကုန်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ်တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မတီ၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည်ဖြစ်ကြောင်း၊ မြို့နယ်တာဝန်ခံက အသိပညာပေးပြောကြားပါသည်။ ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ညိမ်းချမ်းကဒေသထွက်ကုန်လုပ်ငန်းရှင်များ မှတ်ပုံတင်သက်တမ်းတိုးရေးနှင့်အသစ်လျှောက်ထားလိုသူများအတွက် စားသုံးသူရေးရာဦးစီးဌာန၏ အကူအညီဖြင့်ရောက်ရှိလာပါကြောင်း၊စားသောက်ကုန်ပစ္စည်းနမူနာ ဓါတ်ခွဲစမ်းသပ်ပြီးမှ ရလဒ်ပေါ်တွင် မှတ်ပုံတင်ထုတ်ပေးပါကြောင်း၊မှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးအနေဖြင့် နည်းပညာအကူအညီအထောက်အပံ့များရရှိနိုင်ခြင်း၊ ငွေကြေးအထောက်အပံ့များရရှိနိုင်ခြင်း၊ ကုန်စည်ပြပွဲများ၊ ပြိုင်ပွဲများတွင်ပါဝင်ပြသနိုင်ခြင်း၊ လုပ်ငန်းများပိုမိုအောင်မြင်လာစေရန် လုပ်ငန်းမျိုးတူစုအဖွဲ့များဖွဲ့စည်းဆောင်ရွက်နိုင်ခြင်း၊ ပြည်ပမှ ကျွမ်းကျင်သူများ၏အကူအညီရယူနိုင် ခြင်းနှင့်ပြည်ပနှင့် စီးပွားရေးလုပ်ငန်းများ၊ စာချုပ်များ ချုပ်ဆိုလုပ်ကိုင်နိုင်ခြင်း၊အသစ်ထူထောင်သည့် လုပ်ငန်းများအတွက် လုပ်ငန်းစတင်လုပ်ဆောင်သည့် နှစ်အပါအဝင် တစ်ဆက်တည်း သုံးနှစ်ကာလတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရနိုင်ခြင်း၊ဦးစီးဌာနနှင့် အစိုးရဌာနများက အခါအားလျော်စွာသတ်မှတ်ပေးသော အခြားအခွင့်အရေးများကို ခံစားခွင့်များရရှိနိုင်မည်ဖြစ်ပါကြောင်းအသိပညာပေးပြောကြားပါသည်။
အခမ်းအနားသို့ တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းမှုအပေါ်တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက မှတ်ပုံတင်ခြင်းဆိုင်ရာလမ်းညွှန်ချက်စာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ဧရာဝတီတိုင်းဒေသကြီး