စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ အိုးလုပ်ငန်းသည် လူ့ယဉ်ကျေးမှုအစ အိုးလုပ်ငန်းကဆိုသည့် ဆိုရိုးစကားနှင့်အညီ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းသောအားဖြင့် မိဘဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်း(၁၀၀)ကျော်တိုင်ခဲ့ပြီဖြစ်၍ မြန်မာ့ယဉ်ကျေးမှုကို မပျောက်ပျက်စေလိုသောဆန္ဒ၊ မိရိုးဖလာအမွေအနှစ်ကို ထိန်းသိမ်းလိုသောဆန္ဒဖြင့် ဒေါင်ဒေါင်မြည်သည့် ရှမ်းစုအိုးအစဉ်အလာကို ဆက်လက်ထိန်းသိမ်းနေခြင်းဖြစ်ပါသည်။
ရှေးအခါက လူအများစုမှာ မြေအိုးကိုမီးဖုတ်၍အသုံးပြုကြသည်ကို အကြိုက်များကြပြီး ယခုကဲ့သို့ မြေအိုးများကိုပြုလုပ်၍ နေရာအနှံ့အပြားရောင်းချနေသည်မှာ မိမိအသက်နဲ့အမျှ နှစ်(၅၀)ကျော်ခဲ့ပြီဖြစ်ပါသည်။ ကျောက်ခေတ်ကာလကပင် လူသားများသည် မီးကိုတွေ့ရှိခြင်း၊ အိုးကိုအသုံးပြုခြင်း အသားစိမ်း၊ ငါးစိမ်းများကို မြေအိုထဲသို့ထည့်ပြီး မီးနှင့်ချက်ပြုတ်စားသောက်တတ်ရာမှစပြီး မြေအိုးကို စတင်သုံးစွဲခဲ့ကြပါသည်။
ထိုခေတ်အခါက မြေစေးကို ပထမပုံစံအမျိုးမျိုးဖြင့်ပြောင်းလဲ၍ ပစ္စည်းအဖြစ်အသုံးပြုကြရာမှ ရေနှင့်ထိတွေ့လျှင် ပျော့သွားတတ်၍ နေပူလှမ်းလျှင် မာတတ်သောသဘောရှိပါသည်။ မြေစေးကို ရေနှင့်များများထိမိလျှင် အရည်ပါပျော်ကျတတ်သော သဘောတရားရှိသည်ကို သတိထားမိကြပြီး မြေစေးကို အိုးပုံ၊ ပန်းကန်ပုံ၊ လူ့သားတို့အသုံးဝင်မည့် ပစ္စည်းပုံသဏ္ဌာန်ထွင်းထု၍ အသုံးပြုခဲ့ကြသည်။ မြေစေးနှင့်ပြုလုပ်သောပစ္စည်းများကို တာရှည်ခံအောင် မည်ကဲ့သို့အသုံးပြုရမည်ကို တွေးတောမိရာမှတစ်ဆင့် မြေစေး၏သဘောတရားကိုနားလည်လာပြီး မြေအိုးကိုမီးဖုတ်၍ ရေထည့်အသုံးပြုလျှင် ရနိုင်သည်ဟုယူဆကာ စတင်အသုံးပြုလာကြသည်။
အရှေ့တောင်အာရှတွင် မြေအိုးမီးဖုတ်ကို လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)ကျော်လောက်က စတင်အသုံးပြုလာကြသည်ဟု ပညာရှင်များကဆိုထားပါသည်။ မြေအိုးကို လူသားတို့သည် ယနေ့အချိန်အခါထိ အမှန်တကယ်အသုံးပြုလျက်ရှိကြပြီး ကမ္ဘာမြေပေါ်တွင် ကြေးအိုး၊ သတ္တုအိုး၊ ဒန်အိုး၊ စတီးအိုးဟူ၍ အိုးအမျိုးမျိုးပေါ်ပေါက်လျက်ရှိသည့်တိုင် မြေအိုးမီးဖုတ်များ၊ စဉ့်အိုးများကို တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိပါသည်။ ယနေ့ထက်တိုင် မြေအိုးမီးဖုတ်များကို ဘာသာရေးကိစ္စ၊ လူမှုရေးကိစ္စ၊ နေ့စဉ် စားသုံးမှုကိစ္စတို့နှင့် ယုံကြည်မှုအခမ်းအနားများတွင် ဆက်လက်အသုံးပြုလျက်ရှိပါသည်။
ဗုဒ္ဒဘာသာလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာအရ တန်ခူးလ၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြေအိုးရွက်၍ ဘုရားကျောင်းကန်များသို့ ဘုရားရေသပ္ပါယ်ခြင်းများ၊ နေ့စဉ်သောက်သုံးနေသော သောက်ရေအိုးများကိုလည်း အသစ်လဲလှယ်ခြင်းများ၊ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပွဲအခမ်းအနားများတွင် ပရိတ်အိုးအဖြစ်လည်းအသုံးပြုကြပါသည်။ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပွဲအခမ်းအနားများတွင်လည်း ၂၄ပစ္စည်းပဋ္ဌာန်းကို ပူဇော်ရည်ရွယ်သောအားဖြင့် အိုးများတွင် ပဋ္ဌာန်းစာအကျဉ်းရိုက်နှိပ်ကာ ၂၄လုံးလှူဒါန်းခြင်းများလည်းပြုလုပ်ကြခြင်းဖြစ်သည်။ ကဆုန်လတွင်လည်း ကဆုန်လပြည့်ဗုဒ္ဓနေ့အထိန်းအမှတ်အဖြစ် ဗုဒ္ဒဘုရားကိုအမှီပြု၍ ပွင့်တော်မူသည့် ဗောဓိညောင်ပင်အား အိုးအသစ်များဖြင့် ညောင်ရေသွန်းလောင်းပူဇော်ခြင်းတို့ကို ဗုဒ္ဓဘာသာဝင်လူမျိုးတို့က နှစ်စဉ်မပြတ် အမြဲဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ့ရိုးရာအိုးလုပ်ငန်းသည် မိရိုးဖလာအိမ်တွင်းမှုလုပ်ငန်းအဖြစ် အစဉ်အဆက်ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒေသအလိုက် နာမည်ကြီးထင်ရှားသည့် အိုးလုပ်ငန်းများမှာ မြောင်မြို့နယ်၊ နဘက်အိုး၊ တန့်ဆည်အိုး၊ မင်းကင်းအိုး၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းအိုး၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားအိုး၊ စစ်ကိုင်းအိုးနှင့် ကျွန်းလှမြို့နယ်၊ ရှမ်းစုအိုးတို့သည် ယခုအချိန်ထိ မိမိတို့၏ဒေသအလိုက် နှစ်စဉ် ဈေးကွက်ခင်း၍ ရောင်းချလျက်ရှိသော တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ (ကျေးရွာတစ်ရွာ ထုတ်ကုန် တစ်မျိုး) ဖြစ်ပါသည်။ ယင်းတို့အနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၏ ရှမ်းစုအိုးကိုလည်းတင်ပြလိုက်ရပါသည်။
အဆိုပါအိုးလုပ်ပုံအဆင့်ဆင့်နှင့် အိုးလုပ်ငန်းမှာ မြေအမျိုးအစားရွေးချယ်၍ လုပ်ကိုင်ရခြင်းဖြစ်သည့်အတွက် တနယ်မြေစေးအမျိုးအစားကိုသာလုပ်ကိုင်နိုင်ပါသည်။ အိုးပြုလုပ်ရသည့်မြေ ပုဇဉ်းကောင်းကားတစ်စီးလျှင် (၅၀၀၀၀)ကျပ်၊ သဲတစ်စီးလျှင် (၄၅၀၀၀)ကျပ်၊ ထင်းလှည်းတစ်စီးလျှင် (၂၅၀၀၀)ကျပ်၊ ကောက်ရိုးလှည်းတစ်စီးလျှင် (၂၀၀၀၀)ကျပ်ရှိပါသည်။
တစ်ရက်လျှင် အိုးအလုံးရေ (၃၇/ ၃၈)လုံးပြုလုပ်ရန်အတွက် ကုန်ကြမ်းမြေကို ၂ရက်/ ၃ရက်ကြာအောင် နေပူလှမ်းထားရပါသည်။ နေပူလှမ်းထားသောမြေကို အင်တုံများဖြင့် (၁)ညစိမ်ထားရပြီး စိမ်၍ရလာသောမြေများကို မြေ(၂)ဆနှင့် သဲ(၁)ဆရောနှော၍နင်းရပါသည်။ နင်းထားပြီးသောမြေများကို အိုးထွင်းထု၍ အိုးအကြမ်းရိုက်ရပါသည်။ ၎င်းအိုးကြမ်းကို အချောကိုင်ရန်အတွက် ပုံကျသောအနေအထားရောက်အောင် အလှဆင်၍အိုးရိုက်ရပါသည်။ အိုးတစ်လုံးဖြစ်မြောက်အောင် အဆင့်ဆင့်ပြုလုပ်ရပြီး အကြမ်းအိုးထည်များကိုမီးဖုတ်ရပါသည်။ မီးတစ်ခါဖုတ်လျှင် သောက်ရေအိုးအလုံးရေ (၃၀၀)ခန့်မီးဖုတ်ရပြီး အချိန်(၃)နာရီကြာအောင် မီးဖုတ်ရသည်ဟုသိရှိရပါသည်။
အိုးပြုလုပ်သည့်အခါ သောက်ရေအိုးကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိပြီး ဘုရားပန်းအိုး၊ အလှပန်းအိုး၊ ပရိတ်ရေအိုး၊ နတ်အိုး၊ ပဲလှော်အိုးခင်း၊ ပေါင်းအိုး၊ ပေါင်းချောင်၊ ဆီမီးခွက်၊ မုန့်ပြား သလက်အိုးခင်းအဖုံးအမ၊ ဆေးလိပ်ခွက်၊ လက်ဖက်ရည်သောက်ပန်းကန် စသည်တို့ပြုလုပ်ပါသည်။ ယခုအချိန်အခါတွင် သောက်ရေအိုးတစ်လုံးလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချရပြီး အိုးများကို လက်ကားဖောက်သည်ပေးရသည့်အခါ အိုးတစ်လုံးလျှင် (၁၅၀၀)ကျပ်ဖြင့်ရောင်းချပေးလျက်ရှိပါသည်။
ယခင်နှစ်များတွင် တစ်နှစ်ပတ်လုံး သောက်ရေအိုးအလုံးရေ (၈၀၀၀/၉၀၀၀)လုံးရောင်းရကာ ရောင်းအားကောင်းခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ်များကဲ့သို့ အရောင်းအဝယ်မဖြစ်ကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူထံမှသိရှိရပါသည်။အိုးလုပ်ငန်းကို နှစ်စဉ်နှစ်တိုင်း မိုးရာသီ(၃)လတွင် နားထားရပြီး သီတင်းကျွတ်လ၌ စတင်လုပ်ကိုင်ကာ အိုးရောင်းရသည့်ရာသီကာလမှာ တန်ဆောင်မုန်းလမှ နယုန်လအထိ (၈)လကြအောင် ရောင်းချရပါသည်။ အိုးများရောင်းအကောင်းဆုံးလမှာ တပို့တွဲ၊ တပေါင်း၊ တန်ခူးလများဖြစ်ပါသည်။
ကျွန်းလှမြို့တွင်း ဆိုင်မှအရင်းထုတ်ပေးပြီး မီးဖုတ်၍ရလာသောအိုးများကို ဒိုင်အဖြစ်သိမ်းပါသည်။ ထို့ပြင် မိမိကိုယ်တိုင်လည်း ရွှေမှော်၊ ရေနံမှော်များသို့လည်း ပို့ဆောင်ရောင်းချပါသည်။ အိုးများကို ယခင်နှစ်များတွင် အောက်ပိုင်းအနေဖြင့် ကန့်ဘလူ၊ ဇီးကုန်း၊ ထန်းကုန်း၊ ရွှေဘို၊ အထက်ပိုင်းအနေဖြင့် ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ မြစ်ကြီးနား၊ နန့်စီးအောင်ဒေသတို့အထိ ပို့ဆောင်ရောင်းချနိုင်ခဲ့သော်လည်း ယခုနှစ်တွင် နယ်ဝေးများသို့ ပို့ဆောင်ရောင်းချနိုင်ခြင်းမရှိသည်ကိုလည်းသိရှိရပါသည်။
အိုးများကို ယခင်နှစ်များရောင်းရသကဲ့သို့ ယခုနှစ်တွင် အိုးအရေအတွက်ပြည့်မီအောင် ရောင်းချ၍မရနိုင်ကြောင်း၊ ယခင်နှစ်၏ တစ်ဝက်စာလောက် ရောင်းချရမည်ဆိုလျှင် အိုးလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ပိုမိုအဆင်ပြေမည်ဟုသိရှိရပါသည်။ ရှမ်းစုကျေးရွာတွင် အိုးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြု၍ လုပ်ကိုင်နေသူ (၁၀)ဦးခန့်ရှိပါသည်။ အိုးလုပ်ငန်းကို မိဘဘိုးဘွားလက်ထက်က လက်ဆင့်ကမ်းလုပ်ကိုင်လာကြသည့် လက်မှုပညာတစ်ခုဖြစ်သည့်အတွက် တိမ်ကောပပျောက်မသွားအောင် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရင်း တစ်ဖက်တစ်လမ်းမှဝင်ငွေရရှိကာ တိုးချဲ့လုပ်ကိုင်လာကြပြီး ဒေါင်ဒေါင်မြည်မှအိုး သုံးလွန်းတင်မှကြိုးဆိုသည့် မြန်မာ့ဆိုရိုးစကားအတိုင်း ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာမှထွက်ရှိသည့် ရှမ်းစုအိုးများမှာ ဒေါင်ဒေါင်မြည်ဆဲ၊ ဈေးကွက်ဝင်ဆဲဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)