Main menu

ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲများတင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေး

Powered by Drupal

နေပြည်တော်၊ (၃၀-၁၁-၂၀၂၃)

         ၂၀၂၃-၂၀၂၄ ခုနှစ် ပဲရာသီတွင် ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် ပဲတီ စိမ်းများ တင်ပို့နိုင်ရေး တင်ပို့လိုသည့် အဆိုပြုကုမ္ပဏီများဖိတ်ခေါ်ခြင်း၊ တောင်သူပညာပေးသင်တန်း များ ပို့ချခြင်း၊ တောင်သူ၊ အဝယ်ဒိုင်နှင့် ပြုပြင်ထုပ်ပိုးသည့် စက်ရုံများစစ်ဆေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲများတင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ၃၀-၁၁-၂၀၂၃ ရက်‌နေ့၊ နေ့လယ် (၁၄:၀၀) နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှူးရုံး၊ ဒုတိယထပ် အစည်းအဝေးခန်းမတွင် Hybrid System ဖြင့် ကျင်းပပြုလုပ် ခဲ့ပါသည်။

         အဆိုပါအစည်းအဝေး သို့ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲ များတင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တညွှန်ကြား ရေးမှူးချုပ်၊ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည် များအသင်း ဥက္ကဋ္ဌ၊ ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) မှ အုပ်ချုပ်မှုဒါရိုက်တာ၊ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

          အဆိုပါအစည်းအဝေးတွင် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ စားသုံးသူရေးရာဦးစီး ဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်က ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာ ပဲများတင်ပို့နိုင်ရေးကို ၂၀၁၄ ခုနှစ်မှစတင်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ နိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနှင့် ပဲတင်ပို့သူများအစုအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် ပဲတီစိမ်းများကို နှစ်စဉ်တင်ပို့လျက် ရှိရာ ၂၀၁၅ ခုနှစ်မှ စတင်၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအထိ စုစုပေါင်းတန်ချိန် (၇၄,၀၁၃) တန် တင်ပို့ခဲ့ပါကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ပဲရာသီတွင် ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန် အတွက် မြန်မာ့ပဲများတင်ပို့လိုသည့် ကုမ္ပဏီအသစ် (၄) ခု အပါအဝင် စုစုပေါင်းကုမ္ပဏီ (၁၀) ခုမှ အဆိုပြု ထားသည်ကို တွေ့ရှိရပါကြောင်း၊ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် ပဲတီစိမ်းကို တိုးမြှင့်တင်ပို့သွားနိုင်‌ရေးအတွက် ပဲတီစိမ်းတင်ပို့လိုသည့်ကုမ္ပဏီများအား ဖိတ်ခေါ်ဆောင်ရွက်ခြင်း၊ ပဲတီစိမ်း စိုက်ပျိုးတောင်သူများအား ကောင်းမွန်သော စိုက်ပျိုးမှုနည်းစနစ်များအတိုင်း စိုက်ပျိုးစေရန် နည်းပညာပေးသင်တန်းများပို့ချခြင်း၊ တောင်သူ၊ အဝယ်ဒိုင်နှင့် ပြုပြင်ထုပ်ပိုးသည့် စက်ရုံများ စစ်ဆေး ခြင်းလုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်များ သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

       ထို့နောက် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲများ တင်ပို့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တက်‌ရောက် လာကြသည့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များက ယခင်နှစ် မြန်မာပဲများတင်ပို့နိုင်ရန် စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်မှု အခြေအနေ၊ Certificate ထုတ်ပေးမှုအခြေအနေများ၊ တောင်သူပညာပေး သင်တန်းပို့ချပေးနိုင်မည့် အခြေအနေ၊ တောင်သူစိုက်ကွင်း၊ အဝယ်ဒိုင်များစစ်ဆေးမည့်အခြေအနေ များအပေါ်  ဆွေးနွေးသုံးသပ်အကြံပြုခဲ့ကြပါသည်။

      ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲများ တင်ပို့နိုင်ရေးအတွက် တောင်သူပညာပေးသင်တန်းများ ပို့ချရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက အုပ်ချုပ်ထောက်ပံ့ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက GAP/GHP ဆိုင်ရာ ဘာသာရပ် များအား ပို့ချခြင်းဖြင့်လည်းကောင်း၊ အဆိုပါ တောင်သူပညာပေးသင်တန်းဖွင့်လှစ်ရာတွင် ကုန်ကျ စရိတ်အဝဝအား  ပဲတင်ပို့သူအစုအဖွဲ့က ကုန်ကျစရိတ်များ ပံ့ပိုးပေးခြင်းဖြင့်လည်းကောင်း အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန