Main menu

စျေးကွက်လိုအပ်ချက်မြင့်မားသည့် ကော်ဖီစေ့

Powered by Drupal
Mon, 12/04/2023 - 14:19 -- consumer_admin

  ကမ္ဘာပေါ်တွင် ကော်ဖီမျိုးစိတ်(၇၀)ခန့်ရှိပြီး မြန်မာနိုင်ငံ၌ coffea  arabica (ကုန်းမြင့်ကော်ဖီ) နှင့် coffea canephora (robusta)(မြေနိမ့်ကော်ဖီ)မျိုးကွဲ(၂)မျိုးကို အဓိကထားစိုက်ပျိုးလျက်ရှိသည်။   မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် coffea  Arabica (ကုန်းမြင့်ကော်ဖီ)ကို  အဓိကထားစိုက်ပျိုးပြီး  ပဲခူးတိုင်းဒေသကြီး(တောင်ငူ)၊ ကရင်ပြည်နယ် (သံတောင်ကြီး)၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊   ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် coffea canephora (robusta)(မြေနိမ့်ကော်ဖီ)စိုက်ပျိုးကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် နှစ်အလိုက် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် (၂၀၂၁-၂၀၂၂)  ဘဏ္ဍာနှစ်တွင် ၉၁၆၈.၃၉တန်၊    (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ၈၆၉၄.၃၅တန်နှင့် (၂၀၂၃-၂၀၂၄)  ဘဏ္ဍာနှစ်တွင်  ၈၉၈၆.၇၇တန်စိုက်ပျိုးထုတ်လုပ်နိုင်ကြောင်း စိုက်ပျိုးရေးစာရင်းများအရသိရသည်။ ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်၊ ရွာငံဒေသတို့မှထွက်ရှိသော coffea  arabica (ကုန်းမြင့်ကော်ဖီ)မှာ ကဖိန်းဓာတ်ပါဝင်မှုနည်းပြီး အနံ့အရသာကောင်းမွန်ခြင်းတို့ကြောင့်  စျေးကောင်းရရှိကာ  ပြည်ပသို့တင်ပို့မှုများပြားကြောင်း သိရသည်။ စျေးကွက်အတွင်း ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင်ခူးဆွတ်သည့်  မိုးကော်ဖီသီးအမှည့်အစိုများအနက်    ပြင်ဦးလွင်ဒေသထွက်  တစ်ပိဿာလျှင် ၂၃၀၀ကျပ်နှင့် ရွာငံဒေသထွက် တစ်ပိဿာလျှင် ၂၅၀၀ကျပ် စသည့်စျေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။ ၂၀၂၂ခုနှစ်တွင် ပြင်ဦးလွင်ဒေသထွက် ကော်ဖီသီးအစိုတစ်ပိဿာလျှင် ၃၃၀၀ကျပ်၊ ရွာငံဒေသထွက် ကော်ဖီသီးအစိုတစ်ပိဿာလျှင် ၃၅၀ကျပ်နှင့် ၃၇၀၀ကျပ်စျေးရရှိခဲ့သည့်အတွက်    ယခင်နှစ်အောက် စျေးအနည်းငယ်လျော့နည်းသွားကြောင်းသိရသည်။   နိုဝင်ဘာလအတွင်း ခူးဆွတ်သောကော်ဖီသည် မိုးနာသီးများပြီး  ရေပေါ်သီးပါဝင်မှုများသောကြောင့်  ကော်ဖီသီးအမှည့်အစိုစျေးရရှိမှုနည်းကြောင်းသိရသည်။    ဒီဇင်ဘာလတွင် ခူးဆွတ်သောကော်ဖီသီးမှာ ရင့်မှည့်မှုအောင်မြင်သောအသီးများဖြစ်၍    စျေးနှုန်းပိုရကြောင်းသိရသည်။ ယခုနှစ်ခူးဆွတ်ချိန်တွင် ပြင်ဦးလွင်ကော်ဖီခြံများ၌   သီးလုံးဖောက်ပိုးကျရောက်နေသည့်အတွက်  အထွက်အနည်းငယ်ကျနိုင်ကြောင်း ကော်ဖီစိုက်တောင်သူဦးစိုးသိန်း၏ ပြောပြချက်အရသိရသည်။  

    ကော်ဖီသီးအမှည့်အစိုကို ပိဿာဖြင့်ဝယ်ယူရောင်းချလျက်ရှိပြီး ကော်ဖီ Green Bean (ကော်ဖီအဆံ)၊ Roasted  Bean(ကော်ဖီလှော်စေ့)၊Pure Powder (သဘာဝကော်ဖီမှုန့်)တို့အား ကီလိုဂရမ်ဖြင့်ရောင်းဝယ်ကြောင်းသိရသည်။ စျေးကွက်အတွင်း ကော်ဖီလှော်စေ့နှင့်ကော်ဖီအမှုန့် G-1 = 1 kg လျှင် လက္ကားစျေး ၂၂၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်ရှိပြီး လက်လီစျေး ၂၈၀၀၀ကျပ်မှ ၃၂၀၀၀ ကျပ်ထိစျေးနှုန်းအသီးသီးဖြင့် ရောင်းဝယ်ကြောင်းသိရသည်။ G-2 အား ကော်ဖီလှော်စေ့အဖြစ် ရောင်းချမှုနည်းပါးပြီး ကော်ဖီအမှုန့်အဖြစ်သာရောင်းဝယ်လျက်ရှိကာ စျေးကွက်အတွင်း 1 kg လျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အကြားဈေးနှုန်းတို့ဖြင့် အရောင်းဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ပြည်ပသို့တင်ပို့သည့်  ကော်ဖီစေ့အနေဖြင့်တစ်တန်လျှင် ကျပ်သိန်း၁၆၀နှင့် ကျပ်သိန်း၁၈၀ကြားဈေးနှုန်းတို့ဖြင့် ပေါက်စျေးအသီးသီးဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

      မြန်မာ့ကော်ဖီစေ့တင်ပို့သည့်နိုင်ငံများအနက်  ပင်လယ်ရေကြောင်းလမ်းမှ   ယူအေအီး၊ ဂျပန်၊ စပိန်၊ အမေရိကန်၊  ဗြိတိန်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်၊  ကိုရီးယား၊  နယ်သာလန်၊  ဆော်ဒီအာရေးဗျ၊ သြစတေးလျ၊ ပြင်သစ်၊ စင်္ကာပူ၊ ဂျာမနီ၊ ကနေဒါနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး နယ်စပ်လမ်းကြောင်းမှ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့  တင်ပို့လျက်ရှိကြောင်းသိရသည်။ နှစ်အလိုက် ကော်ဖီစေ့တင်ပို့မှုမှာ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင်  ၇၇၁.၁၃တန်တင်ပို့နိုင်ခဲ့ပြီး   အမေရိကန်ဒေါ်လာသန်း၂.၅၄၁၊ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်တွင် ၁၀၀၈.၉၈တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း၂.၀၉၁၊  (၂၀၂၂-၂၀၂၃)  ဘဏ္ဍာနှစ်တွင်  ၄၆၂၁.၉၀၂တန်တင်ပို့နိုင်ခဲ့ပြီး  အမေရိကန်‌ဒေါ်လာသန်း၁၇.၈၃၊ (၂၀၂၃-၂၀၂၄)  ဘဏ္ဍာနှစ် (၁၀-၁၁-၂၀၂၃) ရက်နေ့အထိ ပင်လယ်ရေကြောင်းမှ ၃၉၀.၃၂၀တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း၂.၁၂၀နှင့် နယ်စပ်လမ်းကြောင်းမှ ၇၅၃.၇၅၀တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း၁.၃၆၂၊ စုစုပေါင်း ၁၁၂၆.၀၇၀တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း၃.၄၈၂အထိရရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)