လယ်သမားအကျိုးကိုရှေးရှု၍ နိုင်ငံတော်က လယ်ယာမြေဥပဒေနဲ့လယ်ယာမြေနည်းဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါသည်။ လယ်ယာမြေဥပဒေ (၃) ပုဒ်မ (၉)၊ ပုဒ်မခွဲ (ခ)မှာ လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ပေးထားသောစည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့်ပေးကမ်းခွင့်ရှိသည်ဟုဆိုထားပါသည်။
လယ်ယာမြေနည်းဥပဒေ အခန်း(၅)၊ ပုဒ်မ(၄၈)၊ ပုဒ်မခွဲ(က)အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် ယင်းလယ်ယာမြေပေါ်၌ စိုက်ပျိုးထုတ်လုပ်နိုင်ရန် အရင်းအနှီးရရှိရေးအတွက်သာ ပေါင်နှံရမည်ဟူ၍လည်းကောင်း၊ ပုဒ်မခွဲ(စ)ပေါင်နှံသူသည် ပေါင်နှံသည့်ကာလများအတွင်း ယင်းလယ်ယာမြေတွင် ဆက်လက်စိုက်ပျိုးလုပ်ကိုင်ခွင့်ရှိသည်ဟူ၍လည်းကောင်း ဖော်ပြထားပါသည်။ လယ်ယာမြေဥပဒေနှင့်နည်းပညာတွေကို တောင်သူလယ်သမားများအနေနဲ့ ဥပဒေပါအကျိုးခံစားခွင့်များကို အပြည့်အဝရရှိရေးအတွက် နိုင်ငံတော်က လယ်ယာမြေတွေ တန်ဖိုးတက်အောင်ဆောင်ရွက်ကြဖို့အတွက် တိုက်တွန်းထားပါသည်။
လယ်မြေကောင်းတစ်ခုရဲ့ အရည်အချင်းဟာ ရူပဂုဏ်သတ္တိနဲ့ပြည့်စုံရမယ်။ ဓာတုဂုဏ်သတ္တိနဲ့လည်းပြည့်ဝရမယ်။ အရေးအကြီးဆုံးကတော့ ဇီဝဂုဏ်သတ္တိတွေလည်းအလျှံအပယ်ရှိဖို့ လိုပါတယ်။ ရူပဂုဏ်သတ္တိနဲ့ပြည့်ဖို့ကတော့ လယ်ယာမြေဟာ ဇကကွက်၊ ဟတ်တာကွက်ကြီးတွေဖြစ်ဖို့လိုတယ်။ ရေလွယ်လွယ်သွင်းနိုင်ဖို့ ရေသွင်းမြောင်းရှိဖို့လိုအပ်ပါတယ်။ရေလွယ်လွယ်ထုတ်နိုင်ဖို့အတွက် ရေနုတ်မြောင်းရှိဖို့လိုအပ်ပါတယ်။ ထွက်ရှိလာသောသီးနှံတွေကို အပြင်သို့လွယ်လွယ်နဲ့ထုတ်ယူနိုင်ဖို့အတွက် ရာသီမရွေးသွားလာနိုင်ဖို့ ကုန်ထုတ်လမ်းဖောက်ဖို့လိုပါတယ်။ လယ်ယာမြေဟာမျက်နှာပြင်ညီရမယ်။ ထရံထောင့်ပုံ၊ ဒယ်အိုးပုံ၊ လိပ်ခုံးပုံ စသည့်မညီမညာမဖြစ်စေရပါ။ လယ်ယာမြေကန်သင်းထူပြီး ရေလုံနေအောင် ပြုပြင်ထားဖို့လိုပါတယ်။ သဲဆန်မြေ၊ ဂဝံကျပ်တည်းကုန်းမြေ၊ ရေဝပ်ဒုံပေါက်မြေ၊ ရေငန်ဝင်၊ ဆားပေါက်မြေမဖြစ်စေရပါဘူး။
လယ်ယာမြေဂုဏ်သတ္တိနဲ့ပြည့်ဝနေဖို့ဆိုရင် သစ်ပင်သီးနှံအတွက် လိုအပ်တဲ့အာဟာရဓာတ် (၁၆)မျိုး အလုံအလောက်ရှိရမယ်။ မြေဆီသြဇာထက်သန်နေအောင် ပြုပြင်ဖို့လိုအပ်ပါသည်။ လယ်ယာမြေဟာ အနည်းဆုံး မြေဆွေးဓာတ် ၁ဒသမ၅ရာခိုင်နှုန်းမှ ၂ရာခိုင်နှုန်းထိရှိနေဖိုလိုအပ်ပါတယ်။ လယ်ယာမြေဓာတ်ဂုဏ်သတ္တိနဲ့ပြည်စုံပြီး မြေဆီသြဇာထက်သန်နေဖို့ သဘာဝမြေဆွေးတွေများများထည့်ပြီ ပြုပြင်ဖို့လိုအပ်ပါတယ်။ သဘာဝမြေသြဇာတွေအနေနဲ့ နွားချေး၊ ကြက်ချေး၊ တိရစ္ဆာန်အညစ်အကြေး၊ မြေဆွေး၊ ကောက်ရိုး၊ ပဲဖက်၊ နှမ်းဖက်၊ ရိုးပြတ်၊ ပြောင်းရိုး၊ ပြောင်းမှော်၊ ပဲမှော်၊ ကောက်မှော်၊ သီးနှံအမှော်အမှိုက်၊ လချေးကျောက်မှုန့်၊ ထုံးမှုန့်ပဲမျိုးစုံနှင့် သစ်စိမ်းမြေသြဇာညံ့၊ ဘောစကိုင်း၊ ကုက္ကိုပင်၊ အရွက်များ၊ မြစ်ချောင်းအင်းအိုင်များမှရသောနုန်းများ၊ ရေကျောက်ခက်များ စသည်တို့သည် လွယ်ကူရိုးရှင်းစွာရရှိအသုံးပြုနိုင်သော မြေဆွေးအခြေခံပစ္စည်းများဖြစ်ပါသည်။ ကောင်းစွာဆွေးမြည့်နေတဲ့နွားချေးမှာ နိုက်ထရိုဂျင် ၁ဒသမ၄ရာခိုင်နှုန်း၊ ဖောစဖိတ် ၂ဒသမ၆ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် ၀ဒသမ၂ရာခိုင်နှုန်း၊ ဆာလ်ဖာ ၁ဒသမ၆ရာခိုင်နှုန်းပါဝင်တာတွေ့ရပါတယ်။ ကြက်ချေးမှာဆိုရင် နိုက်ထရိုဂျင် ၃ဒသမ၄ရာခိုင်နှုန်း၊ ဖော့စဖိတ် ၆ဒသမ၂၇ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၂ဒသမ၀၈ရာခိုင်နှုန်းပါဝင်တာတွေ့ရပါတယ်။ လယ်ယာမြေတွေမှာ နွားချေးနဲ့ကြက်ချေးကို အလုံအလောက်ထည့်ပေးရင်တောင်မှ အပင်ကလိုအပ်တဲ့အာဟာရ (၁၆)မျိုးပြည့်ပြည့်စုံစုံရရှိနိုင်တယ်ဆိုတာကို သတိမူကြဖို့လိုပါတယ်။ ပိုက်ဆံလျှော်ပင်မှာ နိုက်ထရိုဂျင် ၂ဒသမ၆ရာခိုင်နှုန်း၊ ဖော့ဖရပ် သုညဒသမ၄၀ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၁ဒသမ၉၁ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၅၆ရာခိုင်နှုန်းပါဝင်တဲ့အတွက် တစ်ဧကလျှင် ပိုက်ဆံလျှော်အရွက် ၇တန်(ယူရီးယာ ၁၈၆ပေါင်နှင့်ညီမျှ)ထည့်ပေးရင် သီးထပ်လို့ရှိရင် စပါးးတစ်ဧက ၁၀၄တင်းထွက်ရှိကြောင်း ရေးဆင်းစိုက်ပျိုးရေး သုတေသနမှတ်တမ်းမှ တွေ့ရှိရပါတယ်။ နိုင်ငံတော်က လယ်ယာမြေတွေကို တန်ဖိုးရှိအောင်ဆောင်ရွက်သော်လည်း (၂၀၁၉-၂၀၂၀) ခုနှစ်နောက်ပိုင်းတွင် ယင်းလယ်ယာမြေများကို စီးပွားရေးသမားများက စျေးကောင်းပေးဝယ်ယူကြပြီး ထိုလယ်ယာမြေများကို အခြားနည်းအသုံးပြုခွင့်(လန/၃၉) လျှောက်ပြီး မြေကွက်များရိုက်၍ အကွက်ဖော်ထုတ်နေသောကြောင့် ပြည်နယ်နှင့်တိုင်းဒေသများရှိ လယ်ယာမြေများမှာ မြေရိုင်းများသာကျန်ရှိပြီး စိုက်ပျိုးမြေများမှာ အိမ်ကွက်များအဖြစ်သို့ ပြောင်းလဲသွားပါတယ်။ လယ်ပိုင်ရှင်များမှာလည်း လယ်စိုက်ရာသီ၊ ရိတ်သိမ်းရာသီတို့ဆိုလျှင် အလုပ်သမားရှားပါးမှု၊ လုပ်သားစျေးနှုန်းမြင့်မားနေမှုတို့ကြောင့် စိတ်ပါဝင်စားမှုများလည်းမရှိခြင်း၊ မိသားစုဝင်များမှာ တစ်ဖက်နိုင်ငံတို့သွားရောက်၍ လုပ်ကိုင်နေထိုင်ကြသောကြောင့် မွန်ပြည်နယ်အတွင်းရှိ ကျေးရွာအများစုတွင် သက်ကြီးပိုင်းနှင့် သက်ငယ်ပိုင်းလောက်သာရှိနေသောကြောင့် လယ်ယာမြေများအား စျေးကောင်းကောင်းဖြင့် ရောင်းချနေကြခြင်းဖြစ်ပါသည်။ ယခုချိန်မှသာ လယ်ယာမြေများကို အခြားအသုံးပြုမှုများမရှိအောင် နိုင်ငံတော်က စိစစ်ကြပ်မတ်လိုက်သောကြောင့် စီးပွားရေးသမားများ ငြိမ်သက်စပြုလာသည်ကိုသတိပြုမိလာပါသည်။
နိဂုံးချုပ်အနေဖြင့် မြင်တွေ့မိတာကို ပြောရမည်ဆိုလျှင် လယ်ယာမြေများကို စိုက်ပျိုးမှုရိတ်သိမ်းမှုများအတွက် ကုန်ကျစရိတ်များကို မည်သို့မည်ပုံသက်သာမည်ကို ပညာရှင်များနဲ့ ရေးဆွဲတိုင်ပင်ပြုလုပ်ပေးပါနိုင်ပါက နိုင်ငံတော်အတွက်ရော တောင်သူတွေအတွက်ပါအကျိုးရှိပြီး လယ်မြေများလည်းဆုံးရှုံးမှုမဖြစ်ပေါ်စေဘဲ စိုက်ပျိုးရေးနိုင်ငံအဖြစ်သတ်မှတ်သည့်အတိုင်း အမှန်အကန်ဖြစ်ပေါ်နိုင်သည်ဟု ရေးသားလိုက်ရပါသည်။
DOCA(မွန်)