စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် စားသုံးသူရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာရှိ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေး နှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(CTQM)သို့ ရောက်ရှိခဲ့ပါသည်။
ရှေးဦးစွာ အစည်းအဝေးခန်းမ၌ CTQM ရှိ ဌာနမှူးက လယ်ယာထွက်ကုန်သီးနှံများ စမ်းသပ်စစ်ဆေးလျက်ရှိသည့် ဓာတ်ခွဲခန်းများ တည်ထောင်ထားရှိမှု၊ သီးနှံအမျိုးအစားအလိုက် စမ်းသပ်စစ်ဆေးပေးမှု၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်နိုင်မှု၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်း ဖွင့်လှစ်ပို့ချပေးနိုင်မှု၊ သုတေသနလုပ်ငန်းဆောင်ရွက်နိုင်မှု၊ နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်း လက်မှတ်ရရှိရေးကြိုးပမ်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဌာနမှူး၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုန်ပစ္စည်းအရည်အသွေးတွင် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေး ကျွမ်းကျင်သည့် ဓာတ်ခွဲခန်းဝန်ထမ်းများ ဖြစ်လာစေရန် စဉ်ဆက်မပြက် လေ့ကျင့်သင်ကြားပေးရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆီနှင့်ဆီထွက်သီးနှံ ဓာတ်ခွဲခန်း၊ ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်း၊ သီးနှံ(ဓာတု)ဓာတ်ခွဲခန်း၊ သီးနှံ(ရူပ)ဓာတ်ခွဲခန်း၊ မှိုဆိပ်ဓာတ်ခွဲခန်းနှင့် အဏုဇီဝပိုးဓာတ်ခွဲခန်းများသို့ လှည့်လည်၍ သီးနှံများဓာတ်ခွဲစမ်းသပ်နေမှုနှင့် စာကြည့်တိုက်တည်ထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်း (၁:၃၀) အချိန်တွင် ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။
အဆိုပါ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး)တွင် ဆီနှင့်ဆီထွက်သီးနှံ ဓာတ်ခွဲခန်း၊ ပိုးသတ် ဆေးကြွင်း ဓာတ်ခွဲခန်း ပိုးမွှားဓာတ်ခွဲခန်း၊ သီးနှံ(ဓာတု) ဓာတ်ခွဲခန်း၊ သီးနှံ(ရူပ) ဓာတ်ခွဲခန်း၊ မှိုဆိပ်ဓာတ်ခွဲခန်းနှင့် အဏုဇီဝပိုးဓာတ်ခွဲခန်းစသည့်ဓာတ်ခွဲခန်း(၇)ခု၌ သက်ဆိုင်ရာ လယ်ယာထွက်သီးနှံများကို စမ်းသပ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ITQM