Main menu

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် EVER FLOW RIVER GROUP PUBLIC CO.,LTD တို့တွေ့ဆုံပွဲကျင်းပ

Powered by Drupal

        (၁၈.၁.၂၀၂၂) ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းဆောင်အမှတ်(၂)တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လမ်းဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာဦးစီး ပြည်နယ်ဦးစီးမှူး ဦးသန်းဦးတို့နှင့်အတူ EVER FLOW RIVER GROUP PUBLIC CO.,LTD တို့တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

        ကရင်ပြည်နယ်အတွင်း အရှေ့၊ အနောက် စင်္ကြန်လမ်း ဗီယက်နမ်၊ ယိုးဒယား၊  မြန်မာ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုလျင်မြန်ချောမွေ့ပြီး ကုန်သွယ်မှုရှိစေရန်အတွက် ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ကုမ္ပဏီနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးစင်္ကြန်လမ်းမကြီးများဖြစ်သော စီးပွားရေးစင်္ကြန်လမ်းတလျှောက်မြို့များဖြစ်သော ရန်ကုန်နှင့် မန္တလေးတွင် Logistics Hub and Distribution Center များတည်ထောင်ထားနိုင်ခဲ့ပြီး မကြာမီ ကာလအတွင်း နယ်စပ်စခန်းများဖြစ်သည့် တမူး၊ မူဆယ်အား တိုးချဲ့လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရှေ့-အနောက် စင်္ကြန်လမ်းဖြစ်သော မြဝတီ၊ မော်လမြိုင်လမ်းပိုင်းကိုလည်း မကြာမီဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ကရင်ပြည်နယ်ဒေသနှင့် မွန်ပြည်နယ်ဒေသတို့၏ Investment များ တက်လာပြီး ပြည်နယ်များလည်းများစွာဖွံ့ဖြိုးတိုးတက်လာခြင်း၊ စီမံကိန်းများ စတင် ဆောင်ရွက်ပြီးနောက် အခြေခံအဆောက်အဦများလည်း ပိုမိုကောင်းမွန်လာနိုင်ပြီး ထောက်ပံ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းသာမက ၎င်းနှင့်ဆက်စပ်လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက် လာနိုင်ခြင်း၊ Logistics Facilities တက်လာ၍ ကုန်သွယ်မှုတက်လာပြီး Trade Pattern ပြောင်းလဲလာခြင်း၊ One Stop Service ပေးနိုင်ခြင်းကြောင့် တရားမဝင် ကုန်သွယ်မှုများ လျော့နည်းလာပြီး နိုင်ငံတော်အနေဖြင့် အခွန်အကောက်များပိုမိုရရှိလာနိုင်ခြင်း၊ ထောက်ပံ့သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များနှင့် သယ်ယူပို့ဆောင်သည့် အချိန်လည်း သက်သာလာခြင်း၊ တိုင်းရင်းသားပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

         ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သော မြေနေရာအား သက်ဆိုင်ရာဌာနများမှ အမြန်ဆုံးဝိုင်းဝန်းစိစစ်ပေးရန်နှင့် မြေနေရာရရှိပါက သက်ဆိုင်ရာ တာဝန်ယူမည့် ကုမ္ပဏီများမှ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် ကရင်ပြည်နယ်သည် ကုန်းလမ်း၊ ရေလမ်း၊ ရထားလမ်းများ တည်ရှိပြီးဖြစ်ကြောင်း၊ ကရင်ပြည်နယ်စက်မှုဇုံအတွင်း၌ လုပ်ငန်းများဆောင်ရွက်လိုပါက ပြည်နယ်အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်မှ ဖြည့်စွက်ညွှန်ကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကရင်ပြည်နယ်