နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းတွင် သက်လက်စပါးများဖြစ်သော မနောသုခ၊ ဆင်းသုခ၊ ဆင်းသွယ်လတ်စသည့် စပါးမျိုးများ လှိုင်လှိုင်ပေါ်သည့်အချိန်ဖြစ်သည်။ စပါးများရိတ်သိမ်းပြီးပါက ဆောင်းသီးနှံများဖြစ်သော ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ အစေ့ထုတ်ပြောင်း၊ စားဖိုဆောင်သီးနှံ၊ ဟင်းသီးဟင်းရွက်များကို ဆောင်းသီးနှံအဖြစ် တစ်ရှိန်ထိုးစိုက်ပျိုးကြတော့မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဆောင်းသီးနှံအပြင် ဆီထွက်သီးနှံများကို ဟတ်တာ အရေအတွက် သုံးလေးသန်းစိုက်ပျိုးလျက်ရှိသည်။ ပဲမျိုးစုံသီးနှံများကို ဟတ်တာ ၄ ဒသမ ၅ သန်းလောက် စိုက်ပျိုးနေသည်။ အခြားအစေ့ထုတ်ပြောင်း၊ စားဖိုဆောင်သီးနှံ၊ ဟင်းသီးဟင်းရွက်များကို ၃ ဒသမ ၈ သန်း ဟတ်တာစိုက်ပျိုးလျက်ရှိပါသည်။ ဤဆောင်းသီးနှံများ စိုက်ပျိုးရာတွင် မြန်မာပြည်အောက်ပိုင်း ဒေသများဖြစ်သည့် ရန်ကုန်၊ ပဲခူး၊ မွန်၊ ဧရာဝတီ၊ ကရင်၊ တနင်္သာရီနှင့် ကယား ဒေသများတွင် ဆောင်းသီးနှံအများစုကို မိုးစပါးရိတ်သိမ်းပြီးစီးသော လယ်မြေများတွင် သီးထပ်အဖြစ် စိုက်ပျိုးခြင်း များပြားလာသည်။ ယာမြေများတွင် သီးသန့်ဆောင်းသီးနှံအဖြစ် စိုက်ပျိုးမှုနည်းပါးလာသည်ကိုလည်း တွေ့ရှိရပါသည်။ မြန်မာပြည်အထက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် နေပြည်တော် ဒေသများတွင် မိုးစပါးအပြီး ဆောင်းသီးနှံစိုက်ပျိုးမှုအပြင် ယာမြေများတွင် ဆောင်းသီးနှံသီးသန့် စိုက်ပျိုးမှုကိုပါ မျှတစွာစိုက်ပျိုးကြောင်း စိုက်ပျိုးရေးဦးစီးဌာနက ပြောကြားသည်ကို တွေ့ရှိရပါသည်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တို့တွင် ယာမြေများ၌ ဆောင်းသီးနှံ သီးသန့်စိုက်ပျိုးမှု ပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။
ဆောင်းသီးနှံစိုက်ပျိုးမှုတွင် ပဲမျိုးစုံ စိုက်ပျိုးမှုသည် အများဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံ စိုက်ပျိုးမှုသည် ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု၏ ဒုတိယနေရာတွင် ရပ်တည် နေပါသည်။ ဆောင်းသီးနှံများ အထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် အချက်များစွာရှိသော်လည်း ကနဦး အဓိက သော့ချက်မှာ သီးနှံစိုက်ပျိုးချိန်တွင် အစိုဓာတ်ကောင်းကောင်းမိအောင် စိုက်ပျိုးခြင်း ဖြစ်ပါသည်။
ပဲမျိုးစုံသီးနှံတွင် မစိုက်ပျိုးမီ မြေဆီလွှာအတွင်း အစိုဓာတ်သည် (၁၅) ရာခိုင်နှုန်းမှ (၂၅) ရာခိုင်နှုန်းရှိရန် လိုအပ်ပါသည်။ ပဲမျိုးစုံဖြိုင်ဖြိုင်ပွင့်ချိန်နှင့် အသီးအတောင့်များ သန္ဓေတည်အဆန်ပြည့် ချိန်တွင် အစိုဓာတ် (၁၀) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းရှိနေရန်လိုအပ်ပါသည်။ သို့မှသာ သီးကိုင်း ထွက်များ၍ အောင်မြင်ပြည့်ဖြိုးသော သီးတောင့်များများထွက်နိုင်ပါမည်။ စံချိန်မှီအောင် အစေ့များလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ အစိုဓာတ်ခန်းခြောက်လျှင် ကိုင်း၊ အတောင့်၊ အသီးအစေ့အဆန် အောင်မြင်မှုနည်း၍ အထွက်နှုန်းကျဆင်းနိုင်ပြီး (၂၅) မှ (၃၅) ရာခိုင်နှုန်းထိ လျော့ကျနိုင်ပါသည်။ မိုးစပါးအပြီး ဆောင်းသီးထပ် ပဲမျိုးစုံနှင့် ယာမြေဆောင်းသီးနှံ သီးသန့်စိုက်ပျိုးသော ပဲမျိုးစုံများမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲရာဇာ၊ ပဲနီလေး၊ စွန်တာနီ၊ စွန်တာပြာ၊ ထောပတ်ပဲ စသည်တို့ဖြစ်ကြသည်။
ဆီထွက်သီးနှံများတွင် မြေပဲ၊ နှမ်း၊ နေကြာနှင့် ဆီမုန်ညင်းကို အဓိကစိုက်ပျိုးကြပါသည်။ နှံစားသီးနှံများအဖြစ် အစေ့ထုတ်ပြောင်း၊ နှံစားပြောင်းနှင့် ဂျုံသီးနှံတို့ စိုက်ပျိုးကြပါသည်။ ဆီထွက်သီးနှံ များနှင့် နှံစားသီးနှံများ စိုက်ပျိုးရာတွင် မစိုက်ပျိုးမီ မြေတွင်းအစိုဓာတ် (၁၅) ရာခိုင်နှုန်းမှ (၂၅) ရာခိုင်နှုန်းခန့်ရှိနေရန် လိုအပ်ပါသည်။ ဆီထွက်သီးနှံများနှင့် နှံစားသီးနှံများ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် မြေအစိုဓာတ် (၁၀) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းခန့်ရှိနေရန် လိုအပ်ပါသည်။ သို့မှသာ အောင်စေ့များပြီး အထွက်များမည်ဖြစ်ပါသည်။ မြေဆီလွှာအတွင်း အစိုဓာတ်ခန်းခြောက်မှုရှိလျှင် အောင်သောအစေ့ ဖြစ်ပေါ်မှုနည်းပြီး အထွက်နှုန်းကျဆင်းသွားမည်မှာ သေချာနေပါသည်။ မြေဆီလွှာအတွင်း အစိုဓာတ်ခန်းခြောက်ပါက တစ်ဧကအထွက် (၂၅) ရာခိုင်နှုန်းမှ (၃၅) ရာခိုင်နှုန်းထိ လျော့ကျနိုင်ပါသည်။ အချို့ ဆီထွက်သီးနှံများကို လယ်မြေတွင်သာမက ကိုင်းကျွန်းမြေများတွင်လည်း စိုက်ပျိုးကြသည်ကို တွေ့ရပါသည်။
အချို့အညာဒေသများတွင် မိုးစပါးအပြီး ဆောင်းသီးထပ်နှင့် ယာမြေသီးသန့်အဖြစ် စိုက်ပျိုးကြသော ပဲတီစိမ်း၊ နေကြာ၊ မြေပဲ၊ ကုလားပဲများကို သုံးပေါက်ရေတွင်းများတူး၍ ရေစုပ်စက်ဖြင့် ရေတင်သွင်းစိုက်ပျိုးကြရာ အစိုဓာတ်အတွက် စိုးရိမ်ပူပန်စရာမလိုဘဲ အထွက်နှုန်းကောင်းနေသည်ကို ကြားသိရပါသည်။ ရေကို မြေပြင်ချိန်တွင် တစ်ကြိမ်၊ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် မှုတ်ရေ(စိမ့်ရေ) တစ်ကြိမ် သွင်းပေးခြင်းဖြင့်ပင် အထွက်နှုန်းသိသိသာသာ ကောင်းနေသည်ကို တွေ့ရှိရပါသည်။ ရှမ်းပြည်နယ်တွင် အစေ့ထုတ်ပြောင်းကို ယာမြေများတွင် စိုက်ပျိုးကြပါသည်။ အစိုဓာတ်မိအောင် စိုက်ပျိုးနိုင်ပါက အထွက်နှုန်း (၂၅) ရာခိုင်နှုန်းထိ ထွက်ရှိပါသည်။ အစိုဓာတ်မိပါက ရှမ်းပြည်နယ်တွင် အစေ့ထုတ်ပြောင်း တစ်ဧက တင်းရာကျော်ထွက်ရှိကြောင်း သိရှိရသည်။
ဤသို့ဆိုလျှင် ဆောင်းသီးနှံများဖြစ်သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ ဟင်းသီးဟင်းရွက်များ အထွက်နှုန်းမြင့်မားရေးသည် အစိုဓာတ်ပေါ်မှာ တစ်ချက်တည်မီနေသည်မှာ သေချာလှပါသည်။ ဤသို့ ဆောင်းသီးနှံများ အစိုဓာတ်မိအောင် စိုက်ပျိုးမှုမှာ စိုက်ပျိုးချိန်သည် အဓိက ဖြစ်သည်။ ဆောင်းသီးနှံများ စိုက်ပျိုးလျှင် “တော်နှစ်တော် ရှောင်ရမည်” ဟု ရှေးတောင်သူဦးကြီးများ၏ ဆိုရိုးစကားရှိထားပါသည်။ ပထမတော်မှာ တော်သလင်းလဖြစ်ပါသည်။ တော်သလင်းလမှာ ဆောင်းသီးနှံစိုက်ပျိုးလျှင် သီတင်းကျွတ်မိုးနှင့်မိပြီး ပျက်စီးဆုံးရှုံးမှု များနိုင်ပါသည်။ ဒုတိယတော်မှာ နတ်တော်လဖြစ်သည်။ နတ်တော်လမှာ ဆောင်းသီးနှံစိုက်ပျိုးပါက စိုက်ပျိုးချိန်နောက်ကျ၍ အစိုဓာတ်ခန်းခြောက်ပြီး အထွက်နှုန်းသိသိသာသာ ကျဆင်းသွားနိုင်ပါသည်။ ဆောင်းသီးနှံ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ပြီး အထွက်နှုန်းကောင်းရရှိနိုင်ရန် စိုက်ပျိုးချိန်မှာ အောက်တိုဘာလ ဒုတိယအပတ်မှ နိုဝင်ဘာလကုန်အထိ ဟုဆိုနိုင်ပါသည်။ အချိန်မီစိုက်ပျိုးနိုင်လျှင် (၅၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ရရှိနိုင်သည်ဟု ဆိုပါသည်။
ဤသို့အစိုဓာတ်မိရန် အချိန်မီစိုက်ပျိုးနိုင်ရန်မှာလည်း မိုးစပါးအပြီး ဆောင်းသီးထပ် စိုက်ပျိုးသောဒေသများတွင် ပထမစိုက်ပျိုးထားသော မိုးစပါးကို သတ်မှတ်အချိန် ရိတ်သိမ်းနိုင်အောင် မူလစိုက်ပျိုးချိန်ကတည်းကပင် သက်ရှည်၊ သက်လတ်စပါးမျိုးကို ဇွန်လလယ်မှစ၍ စိုက်ပျိုးနိုင်ရန် စီမံခဲ့ရန်လိုအပ်ပါသည်။ ယာမြေများတွင် စိုက်ပျိုးထားသော ဆောင်းသီးနှံများကိုမူ နွေထယ်ရေး လှန်ထားပြီး မိုးရေစရသည်နှင့် ထယ်ထိုးထွန်မွှေ၍ အောက်တိုဘာလအကုန်တွင် စတင်စိုက်ပျိုးနိုင်ရေး စီမံရန်လိုအပ်ပါသည်။ ဆောင်းသီးနှံစိုက်ပျိုးသောမြေများမှာ နုန်းမြေ၊ နုန်းစနယ်မြေ၊ နုန်းသမမြေများ အများစုဖြစ်ကြပါသည်။ မြေအမျိုးအစားအလိုက် မြေဆီလွှာအတွင်း အစိုဓာတ်ထိန်းသိမ်းထားနိုင်မှု၊ စွမ်းရည်သတ္တိမှာ ကွဲပြားခြားနားကြပါသည်။ နုန်းမြေသည်အစိုဓာတ် ထိန်းသိမ်းနိုင်မှုစွမ်းအား အကောင်းဆုံးမြေဖြစ်ပါသည်။
ဆောင်းသီးနှံများတွင် ကြမ်းတုံးသေချာအောင် မအုပ်နိုင်ပါက အစိုဓာတ်များသည် နေပူချိန်ကြောင့် အငွေ့ပျံဆုံးရှုံးပြီး အထွက်နှုန်း (၃၀) ရာခိုင်နှုန်းမှ (၃၅) ရာခိုင်နှုန်းအထိ အထွက်နှုန်းကျဆင်းနိုင်သည်။ အစိုဓာတ်အငွေ့ပျံ၍ မြေဆီလွှာပက်ကြားအက်အောင် ခြောက်ခန်းသွားပါက တံစဉ်လွတ်သည်အထိ ဆုံးရှုံးနိုင်သည်။ မိရိုးဖလာတောင်သူလယ်သမားကြီးများမှာ "လယ်မှာ သမန်း၊ ယာမှာကြမ်း" ဟုဆိုရိုးစကားလည်း ရှိပါသည်။ လယ်မှာသမန်းကောင်းမှ စပါးထွက်ကောင်းပါမည်။ ယာဆောင်းသီးနှံမှာ ကြမ်းတုံးလုံအောင်အုပ်နိုင်မှ အထွက်ကောင်းမည်ဟု ဆိုလိုကြပါသည်။ ကြမ်းတုံးကိရိယာကို ကာလံဒေသအလိုက် အချင်းတစ်ပေခွဲ၊ အရှည်ခြောက်ပေရှိ သစ်သားကြမ်းတုံး၊ သံပြားပေါက်ကြမ်းတုံး၊ ထွန်ကို ထွန်သွားများဖြုတ်ပြီး သဲအိတ်တင်၍ အသုံးပြုနေသော ကြမ်းတုံးဟူ၍ အမျိုးမျိုးရှိပါသည်။
သို့ပါ၍ တောင်သူလယ်သမားကြီးများအနေဖြင့် ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်တိုးရေးအတွက် စိုက်ပျိုးချိန်နှင့် အစိုဓာတ်မိအောင် စိုက်ပျိုနိုင်ရေးကို အထူးသတိပြု ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားလိုက်ရပါသည်။
DOCA(မွန်)