စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၂.၁၂.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် အမှတ်(၅)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ စားသုံးဆီအမျိုးမျိုး ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးဆီများဝယ်ယူရရှိမှု၊ သယ်ယူမှု၊ သိုလှောင် ထားရှိမှု၊ ပြန်လည်ဖြန့်ဖြူးရောင်းချမှု၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများနှင့် လက်ကျန်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပြီး စားသုံးဆီများ သယ်ယူခြင်းနှင့် ရောင်းချခြင်းများတွင် သတ်မှတ်ချက်များနှင့် အညီလိုက်နာဆောင်ရွက်ကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင်ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားသည့် ကုန်စည်များကိုသာ ထုတ်လုပ်ရောင်းချကြရန်လိုအပ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းများ၊ စားသုံးဆီအမျိုးအမည်ကိုဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောအမျိုးအမည်ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပြီး အသားတင်ပမာဏကိုဖော်ပြရာတွင်လည်း မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရန်မဖြစ်နိုင်ပါက လက်ကမ်းစာစောင်/အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန်စည်နှင့် အတူစားသုံးသူထံသို့ တစ်ပါတည်းပေးအပ်ရန်လိုအပ်ကြောင်း၊ ပြည်ပမှတင်သွင်းသည့် ကုန်စည်များဖြစ်ပါက သတ်မှတ်ချက်များနှင့် ကိုက်ညီစေရေးအတွက် ဈေးကွက်အတွင်းသို့ဖြန့်ဖြူးခြင်းမပြုမီ ထပ်ပိုးကပ်ခြင်း သို့မဟုတ် ထုပ်ပိုးပစ္စည်းအသစ် အသုံးပြုခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)