အုန်းပင်သည် ကိုးကိုးကျွန်း၊ ရခိုင်ရိုးမနှင့် ပြည်နယ်/တိုင်းများတွင် ပေါများစွာပေါက်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် သဘာဝပေါက်ရောက်သည့်အပင်နှင့် ပြုပြင်မွန်းမံ၍ စိုက်ပျိုးရရှိသော အုန်းပင်များစွာရှိသည်။
အုန်းပင်သည် ၁၂ လရာသီ အသီးသီးသောအပင်ဖြစ်သည့်အတွက် မြန်မာလူမျိုးတို့သည် အုန်းသီးအား အမြတ်တနိုးအလေးထား၍ ဘုရားပွဲ၊ ကန်တော့ပွဲ၊ ဘာသာရေးပွဲ၊ ရိုးရာနတ်ပွဲများအပြင် အုန်းနှင့် ပြုလုပ်စားသုံးရသော မုန့်ပဲသရေစာအမျိုးမျိုးတို့တွင် ထည့်သွင်းပြုလုပ်စားသုံးလေ့ရှိကြသည်။ မြန်မာ့ရိုးရာအစားအစာများထဲတွင် အုန်းသီးမပါလျှင်မပြီးပေ၊ အုန်းနှင့်တွဲဖက်အစားအစာအမျိုးမျိုးတို့အား ထုတ်လုပ်ကြသည့်အတွက် အုန်းအမာခွံ(အုန်းမာလာခွံ)များထွက်ရှိလာပြီး ထိုကုန်ကြမ်းများမှ လူသုံးကုန်နှင့် အလှဆင်ပစ္စည်းများ ထုတ်လုပ်လာကြသည်။
အုန်းပင်သည် အသုံးချတတ်ပါက တစ်ပင်လုံးအသုံးဝင်ပေသည်။ အုန်းခွံသည် ဆင်စွယ် ရောင်သန်း၍ အသားရင့်ပါက နီညိုရောင်အဖြစ် တွေ့ရှိရသည်။ အုန်းခွံပေါ်ရှိ အုန်းဆံမျှင်လေးများကို ဂျုတ်၊ ဓါးတို့ဖြင့် ရိတ်၍ ကော်ပတ်စားခြင်းဖြင့် အုန်းအမာသားပေါ်တွင် အမျှင်ပုံလေးများ ထွက်ပေါ် လာသဖြင့် ပိုမိုလှပစေပါသည်။ အုန်းခွံသည် မြေ၊ ရေနှင့်မထိတွေ့ပါက နှစ်ပေါင်း ကြာရှည်ခံနိုင်သော သတ္တိရှိသဖြင့် အိမ်တွင်းအလှဆင်နှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ရာတွင် အသုံးဝင်ပါသည်။ အုန်းခွံ လက်မှုပညာဖြင့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော်ကပင်ဖြစ်သည်။ အုန်းမာလာခွံဖြင့် ကလစ်၊ ရင်ထိုး၊ သော့ချိတ်၊ နားကပ် အုန်းအမာခွံဖြင့် အိမ်တွင်းအလှဆင်ခြင်းနှင့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ခြင်း၊ ထို့အပြင် အုန်းအမာခွံသည် မာကြော၍ ကျွတ်ဆက်သည့် အတွက် အုန်းအမခွံဖြင့် စားပွဲတင်ပန်းအိုးများ၊ အလှဆင်သည့်ပန်းအိုးများ၊ ပစ်တိုင်းထောင်ရုပ်များ ပြုလုပ်နိုင်သည့်အပြင် အုန်းခွံအကြောအမျှင်များဖြင့် ခြေသုတ်ခုံ၊ တံမျက်စည်း၊ ကော်ဇောများ၊ ပန်းပုရုပ်များပြုလုပ်နိုင်ခြင်း၊ အုန်းလက်ဖြင့် အုန်းတံမျက်စည်း၊ အုန်းဘရက်စ် တို့ကိုပြုလုပ်နိုင်ခြင်း၊ အုန်းပင်စည်ပိုင်းဖြင့် ပန်းပုရုပ်များ၊ အိမ်ဆောက်ပစ္စည်းများကို ပြုလုပ်နိုင်ပေသည်။
ဈေးနှုန်းဈေးကွက်များအနေဖြင့် အလှပန်းအိုးတစ်လုံးလျှင် ၈၀၀၀ မှ ၁၀၀၀၀ ကျပ်၊ ငှက်ရုပ် တစ်ရုပ်လျှင် ၁၀၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ဆွမ်းအုပ်တစ်အုပ်လျှင် ၁၀၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ကလစ် တစ်ခုလျှင် ၅၀၀၀ ကျပ်၊ ရင်ထိုးတစ်ခုလျှင် ၅၀၀၀ ကျပ်၊ သော့ချိတ်တစ်ခုလျှင် ၅၀၀၀ ကျပ်၊ လည်ဆွဲ ၅၀၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။
ယခုအခါ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်မှုပညာများကို တိမ်မြှုပ် ပျောက်ကွယ်နေသော မြန်မာ့ရိုးရာလက်မှုအသက်မွေးဝမ်းကျောင်း ပညာရပ်များဖော်ထုတ်ခြင်း၊ စွန့်ပစ်ပစ္စည်း များမှ တန်ဖိုးမြှင့်ထုတ်ကုန်တစ်ရပ် ထွက်ပေါ်လာရေး၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်လာပြီး မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိလာရေး၊ ကျေးရွာတစ်ရွာတွင် ထုတ်ကုန်တစ်ခုထွက်ပေါ်လာရေး၊ လက်မှုလုပ်ငန်းများ ဆက်လက်ထိန်းသိမ်းခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ နိုင်ငံခြားဝင်ငွေရရှိလာရေးရည်ရွယ်၍ သက်မွေးဝမ်းကျောင်းအဖြစ် သင်ကြားပေးလျက် ရှိပါသည်။
ဖွံ့ဖြိုးတိုးတက်နေသာ ထိုင်း၊ ဘင်္ဂလားဒေ့ချ်၊ အိန္ဒိယနိုင်ငံများသည် အုန်းမာလာခွံမှ တန်ဖိုးမြှင့် ထုတ်ကုန်များကို အပြိုင်အဆိုင်ထုတ်လုပ်လာကြပြီး နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ကာ နိုင်ငံခြား ဝင်ငွေများရရှိလျက်ရှိကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ပန်း(၁၀)မျိုးကိုအခြေပြုပြီး အုန်းမာ လာခွံမှ လူသုံးကုန်နှင့် အလှဆင်ပစ္စည်းများထုတ်လုပ်ရန် အချိန်အခါသင့်ပေသည်။
အချုပ်အားဖြင့်ဆိုလျှင် အသက်မွေး ဝမ်းကျောင်းပညာရပ်များကို စဉ်ဆက်မပျက်ပို့ချပေးရန်နှင့် လက်မှုအနုပညာရှင်များအား ခိုင်မာသော အဖွဲ့အစည်းတစ်ခုထူထောင်၍ ပံ့ပိုးထောက်ပံ့ပေးနိုင်မည်ဆိုပါက ရွက်ပုန်းသီးလက်မှုအနုပညာရှင်များ များစွာပေါ်ထွက်လာပြီး မြန်မာ့လက်မှု အနုပညာလက်ရာများ ကမ္ဘာတွင်ပွဲလယ်တင့်စွာ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)