မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့သည် မြေလတ်ဒေသဖြစ်ပြီး ရေနံလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ပွဲရုံလုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများနှင့် စက်မှုလက်မှု လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြပါသည်။
အထက်မင်းလှမြို့နယ်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းများအနက်မှ မုန့်ဟင်းခါးမုန့်ဖတ် လုပ်ငန်းကို လုပ်ကိုင်ကြသည့်လုပ်ငန်းရှင်မှာ (၃)ဦးရှိပြီး မင်းလှမြို့အနီး၊ မန်းသံပုရာကန်ကျေးရွာ အုပ်စု၊ ရွာတော်ကျေးရွာ၌ထွက်ရှိသော ရွာတော်မုန့်ဟင်းခါးမုန့်ဖတ်များမှာ မြို့ပေါ်တွင်သာမက ပတ်ဝန်းကျင် ကျေးရွာများတွင်လည်းလူကြိုက်များကြောင်း သိရှိရပါသည်။ မုန့်ဖတ်လုပ်ငန်းပိုင်ရှင်မှာ ဦးအေးကို၊ ဒေါ်အေးအေးခိုင်ဖြစ်ပြီး မုန့်ဖတ်လုပ်ငန်းလုပ်ကိုင်ခဲ့သည့်သက်တမ်းမှာ နှစ်ပေါင်း(၁၀၀) ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း၊ ဘိုးဘွားဘီဘင်လက်ထပ်ကတည်းက လုပ်ကိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ မျိုးဆက်(၃)ဆက် တိုင်အောင် ယနေ့အထိလက်ဆင့်ကမ်းကာ လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။
မုန့်ဟင်းခါးမုန့်ဖတ်ပြုလုပ်ရာတွင် မနောသုခဆန်လတ်နှင့် ဧရာပဒေသာဆန်လတ်(ခေါ်) ဆန် တစ်ပိုင်းကျိုးများကိုအသုံးပြု၍ပြုလုပ်ရကြောင်း၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မနောသုခ ဆန်လတ် (၂၄)ပြည်ပါ(၁)အိတ်လျှင် ကျပ်(၆၀၀၀၀)နှင့် ဧရာပဒေသာဆန်လတ်(၁)အိတ်လျှင် ကျပ် (၇၀၀၀၀)ဖြင့် ဝယ်ယူရကြောင်း၊ (၁)ရက်လျှင် ဆန်လတ်(၁၆)ပြည်အသုံးပြုရကြောင်း၊ တစ်နေ့လျှင် မုန့်ဟင်းခါးမုန့်ဖတ် ပိဿာချိန်(၃၅)ပိဿာမှ (၄၀)ပိဿာချိန်အထိထွက်ရှိကြောင်း၊ (၃)ရက်လျှင် ဆန် လတ်(၂)အိတ် ကုန်ကျကြောင်း၊ တစ်နေတာ ကုန်ကျစရိတ်အနေဖြင့် မုန့်ဖတ်ပြုလုပ်ရာတွင် ဆန်ဖိုး၊ ထင်းဖိုး၊ ရေဖိုးအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၃၅၀၀၀ မှ ၄၀၀၀၀)ကြားရှိကြောင်း သိရှိ ရပါသည်။
မုန့်ဖတ်ပြုလုပ်ရာတွင် အဆင့်များစွာရှိသည့်အနက် ပထမဦးစွာ အသုံးပြုရမည့် ဆန်လတ်များကို အင်တုံအိုးများတွင်ထည့်၍ ရေ(၂)ညခန့်စိမ်ရကြောင်း၊ ရေစိမ်ပြီးနောက် ဆယ်ယူ၍ရေဆေးကာ ဝါး တောင်းထဲသို့ထပ်မံထည့်၍ တစ်ညတာ ရေထပ်စစ်ထားရကြောင်း၊ ရေစစ်ပြီးနောက် ကြိတ်စက်ထဲသို့ ထည့်၍ ကြိတ်ရကြောင်း၊ ကြိတ်ပြီးနောက် ထွက်ရှိလာသည့်မုန့်ဖတ်ရည်များကို အဝ၌ပိတ်စ အဖြူအသန့်ကို အသုံးပြု၍ပတ်ထားသော စဉ့်အိုးထဲသို့လောင်းထည့်ကာ ဖွဲ၊ အမှုန်၊ အမွှား များမပါစေရန် စစ်ပေးရကြောင်း၊ စစ်ပြီးနောက် ၎င်းမုန့်ဖတ်ရည်အား အဝတွင်သံကွင်းကျယ်ကျယ်စွပ်၍ ပိတ်စအဖြူဖြင့် ပြုလုပ်ထားသည့် အိတ်ထဲသို့လောင်းထည့်ပြီး ပိတ်စနှစ်ဖက်ကို ကြိုးဖြင့်ချည်ကာ အမြင့်မှ တွဲလောင်း ချ၍ထားရကြောင်း၊ (၁)ညခန့်ချိတ်ဆွဲထားရပြီး မုန့်ရည်များအနည်းငယ်ခဲလာပြီးနောက် ရရှိလာသော မုန့်ဖတ်ခဲများအား ပို၍မာသွားစေရန်နှင့် အချဉ်ရည်များကုန်ခမ်းသွားစေရန်အတွက် အဝတ်စဖြင့် ထုပ်ပိုးပြီး ကျောက်ပြားချပ်ပေါ်တွင်တင်၍ အပေါ်မှထပ်မံ၍ ကျောက်ပြားချပ်ကိုအသုံးပြု၍ ဖိထားရကြောင်း၊ ကျောက်ပြားဖြင့်ဖိထားသည့်အရှိန်ကြောင့် မုန့်ဖတ်ခဲမှာအချပ်ပြားအဖြစ်သို့ ရောက်ရှိသွားကြောင်း၊ ထို့နောက် ရရှိလာသောမုန့်ဖတ်ပြားများအား မိုးဗြဲဒယ်ဖြင့် ပွက်ပွက်ဆူအောင်တည်ထားသည့် ရေနွေး အိုးထဲသို့ထည့်၍ (၁)နာရီခန့်ပြုတ်ရကြောင်း၊ ပြုတ်ပြီးသည့် မုန့်အချပ်ပြားများအားဆယ်ယူပြီး နည်းနည်းခြင်းစီ မုန့်မွှေစက်တွင်ထည့်၍ တစ်ဖန် ပြန်လည်၍မွှေရကြောင်း၊ မုန့်ဖတ်ပြားများ အကုန်ကြေမွ ပြီးသည့် အဆင့်ရောက်သည့်အခါတွင် ရေနွေးကိုနည်းနည်းခြင်းစီ ထည့်၍ မုန့်အနှစ်ရည်ဖြစ်လာအောင် မုန့်မွှေစက်ဖြင့် ထပ်မံမွှေပေးရကြောင်း၊ နောက်ဆုံး မုန့်ဟင်းခါးဖတ်ဖြစ်နိုင်သည့် မုန့်အနှစ်ရည်အဆင့် ရောက်သည့်အချိန်တွင် ရေနွေးဆူဆူတည်ထားသည့် မိုးဗြဲဒယ်အိုးကြီးပေါ်၌ လေးထောင့်ပုံစံဖြင့်ပြုလုပ် ထားသည့် သံချိတ်ပေါ်တွင် မုန့်ဖတ်ပုံစံခွက်ကိုတင်၍ ၎င်းပုံစံခွက်ထဲသို့ မုန့်အနှစ်ရည်များ လောင်းထည့်ကာ အပေါ်မှလက်ဖြင့်ညှစ်ချလိုက်သောအခါတွင် မုန့်ဟင်းခါးမုန့်ဖတ်အဖြစ်သို့ရရှိကြောင်း၊ ထို့နောက် သံဇကာဖြင့်ရေနွေးပူပူမှဆယ်ယူပြီး ရရှိလာသော မုန့်ဟင်းခါးဖက်များကို ရေအေးထဲသို့ မုန့်ဟင်းဖတ် အေးလာသည့်အထိ ထည့်၍စိမ်ကာ အေးလာသောအချိန်တွင် ဆယ်ယူလိုက်ပါက စားသုံးရန်မုန့်ဟင်းခါး မုန့်ဖတ်အဖြစ် အဆင့်သို့ရောက်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
မုန့်ဖတ်ပြုလုပ်ရာတွင် မုန့်ဟင်းခါးဖတ်၊ နန်းကြီးဖတ်၊ ဆန်ပြားဖတ်(၃)မျိုးပြုလုပ်ပြီး (၁)ပိဿာ လျှင် ကျပ်(၂၀၀၀)ဖြင့် အထက်မင်းလှမြို့ပေါ်နှင့် မြို့ပတ်ဝန်းကျင်ကျေးရွာများတွင် ရောင်းချ ကြောင်း၊ ဆန်ပြားဖတ်ပြုလုပ်မှုမှာ မကြာသေးပါကြောင်း၊ မုန့်ပြုလုပ်ပုံအဆင့်ဆင့်မှာ တူညီသော်လည်း ဆန်ပြားဖတ်ပုံစံခွက်အပေါက်မှာ မတူညီပါကြောင်း၊ လုပ်အားအနေဖြင့် ပြင်ပဝန်ထမ်းအကူ တစ်ယောက်မှမပါဘဲ မိမိတို့မိသားစုဝင်များဖြင့်သာ လုပ်ကိုင်ကြပါကြောင်း၊ သီတင်းကျွတ်လ၊ တန်ဆောင်းမုန်းလနှင့် တန်ခူးလအစရှိသော အခါကြီးရက်ကြီးများတွင် မုန့်ဖတ်ပိဿာချိန် ရာဂဏန်းထိအော်ဒါရရှိသည့် အတွက် ပြင်ပလုပ်သား(၁)ဦးအား တစ်နေ့လျှင် လုပ်အားခ ကျပ်(၅၀၀၀)ပေး၍ ငှားရမ်းရလေ့ရှိကြောင်း ရွာတော်မုန့်ဟင်းခါးဖတ်လုပ်ငန်းလုပ်ကိုင်သည့်ပိုင်ရှင်ထံမှ သိရှိရပါသည်။
ယခုအခါတွင် ကမ္ဘာငြိမ်းချမ်းရေးကို ရည်ရွယ်လျက် အပြည်ပြည်ဆိုင်ရာ Belt & Road အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်အရ မြန်မာ့ရိုးရာအစားအစာမုန့်ဟင်းခါးကို အပြည်ပြည်ဆိုင်ရာ Belt & Road အစားအစာအဖြစ် ဂုဏ်ပြုသတ်မှတ်ကြောင်းလည်းသိရှိရပါသည်။ ဆန်တစ်မျိုးဖြစ်သာ ပြုလုပ်ထားသော မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် မွှေးကြိုင်ကောင်းမွန်သည့် မုန့်ဟင်းခါးမှာ လူ့ခန္ဓာကိုယ်အတွက် ခွန်အားကိုဖြစ်စေနိုင်သလို မြန်မာလူမျိုးများတွင် မုန့်ဟင်းခါးကို မကြိုက်မနှစ်သက်သောသူ မရှိသလောက်ပင် ရှားပါးလှပါသည်။ သို့ဖြစ်ပါ၍ ပတ်ဝန်းကျင်ကျေးရွာများ တွင်သာမက မင်းလှမြို့ပေါ်အထိပါနာမည်ရပြီး လူကြိုက်များလှသည့် ရွာတော်ကျေးရွာမှ ထွက်ရှိသည့် တစ်နိုင်တစ်ပိုင်စီးပွားဖြစ် လုပ်ကိုင်လျက်ရှိသော ရွာတော်မုန့်ဟင်းခါးမုန့်ဖတ်လုပ်ငန်းအကြောင်း တစေ့တစောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)