ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ တွံတေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီ အမျိုးမျိုးတို့ဝယ်ယူ စားသုံးတတ်စေရန် ရည်ရွယ်၍ ဇန်နဝါရီလ (၁၈) ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင် ရပ်ကွက်များရှိ ကုန်ခြောက် ဆိုင်၊ ကုန်စုံဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း မရှိသော စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းမပြုစေရေး ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။
ထို့သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ပူးပေါင်းအဖွဲ့သည် တွံတေးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင် ရပ်ကွက်များရှိ ကုန်ခြောက်ဆိုင်နှင့် ကုန်စုံဆိုင်များသို့သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားသုံးသူပြည်သူများ၏ အဓိကစားသောက်ကုန်ပစ္စည်းများဖြစ်သော စားသုံးဆီအမျိုးမျိုးတို့ကို ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော စားသုံးဆီများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့အား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီအမျိုးမျိုးတို့အား ရောင်းချခြင်းမပြုစေရေးစသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အကြံပြုဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ မိမိတို့၏ဈေးဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးခြင်းများ မပြုလုပ်ကြပါရန်နှင့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)