၂၀၂၄ခုနှစ် ၊ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် မုဒုံမြို့နယ် အထက(ခွဲ) ကောခပုံကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ(၂၃၀)ဦး တက်ရောက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားဝေက အဖွင့်အမှာစကား ပြောကြားရာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူများ၏ အခွင့်အရေး(၈) ချက်၊ တာဝန်(၄)ရပ်၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် သိရှိလိုက်နာရမည့် အကြောင်းအရာများနှင့် စားသုံးသူတိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်မှုများ၊ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော အစားအသောက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းခြင်းအား ဒုတိယပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)