Main menu

စားသောက်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းအသိပညာပေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများအဖွဲ့သည် (၂၂.၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ်လျက်ရှိသော နေကြာစေ့လှော်၊ ပဲပုတ်လှော်၊ ဂျိုးဖြူကြော်၊ ပေါင်မုန့်/ကိတ်မုန့်လုပ်ငန်းများသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်း ဖြင့် ဈေးကွက်အတွင်းရှိ မိမိတို့ထုတ်ကုန်များသည် စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေနိုင် ကြောင်း ဈေးကွက်များပိုမိုရရှိပြီး စားသုံးသူရော ထုတ်လုပ်သူပါ (Win…Win)ဖြစ်လာစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ဆွေးနွေးရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စုအမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်းသိရှိလိုက်နာစေရန် ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် နေရာများအကြောင်း၊ စားသုံသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (1535)ဖွင့်လှစ်ထားကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သော ကုန်စည်နှင့် ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ယခုလို အသိပညာပေးရခြင်းဖြစ်ကြောင်း၊ စားသုံးသူများမှ စားသောက်ကုန် တစ်ခုခုကို ရွေးချယ် ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုမှာ အရေးကြီးသော အခန်းကဏ္ဍတွင် ရှိကြောင်း၊ ပြည့်စုံစွာထည့်သွင်းဖော်ပြခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်မှ စားသုံးသူများအပေါ် စေတနာထား၍ ထုတ်လုပ်လျက်ရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည်ကိုသိရှိလာပြီး မိမိတို့အတွက်လည်း အကျိုးစီးပွားများ ပိုမိုအောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်သောကြောင့် လိုက်နာဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)