Main menu

စားသုံးသင့်သည့် ဆောင်းဓါတ်စာ

Powered by Drupal
Thu, 02/08/2024 - 14:14 -- consumer_admin

     ရာသီအလိုက် စားသုံးပေးသင့်သော အစားအစာများ၏ အရသာများကိုခွဲခြားသတ်မှတ် ထားပါသည်။ နွေရာသီတွင် ချိုသောအရသာရှိသည့် အစာအဟာရများကို ဦးစားပေးစား သုံးသင့်သလို၊ မိုးရာသီတွင် ခါးသောအရသာရှိသည့်အစာအဟာရကိုလည်းကောင်း၊ ဆောင်းရာသီ တွင် ချဉ်သောအရသာရှိသည့် အဟာရကိုလည်းကောင်း ဦးစားပေးစားသုံးပေးသင့်သည်။ ယခုလတ်တလောကျရောက်နေသော ဆောင်းရာသီတွင် ချဉ်သော အရသာရှိသည့် အစာအဟာရများကို ဦးစားပေးစားသုံးသင့်ပါသည်။လူတို့သည် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ရာသီနှင့် ကိုက်ညီစွာ၊ ဟင်းလျာအမျိုးမျိုးတို့ကို ပြုလုပ်စားသောက်သင့်ပေသည်။

     ဆောင်းရာသီတွင် စားသုံးပေးသင့်သော ဓါတ်စာများမှာ လက်တကမ်းတွင်ရရှိနိုင်သော အချဉ်အရသာရှိသည့် ဓါတ်စာများအား မျှဝေပေးလိုပါသည်။  နေရာအနှံ့တွင် လွယ်ကူစွာရရှိနိုင်သော စောင်းလျားသီးစားသုံးပေးခြင်းဖြင့် ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများအား မျှဝေပေး ပါသည်။ အချဉ်အရသာတွင် ပထဝီဓါတ်နှင့် တေဇောဓါတ်တို့ ပါဝင်ဖွဲ့စည်းထားသည်။ အချဉ်အရသာကို ပုံမှန်စားပေးခြင်းအားဖြင့် အစာမကြေရောဂါ၊လေရောဂါနှင့် ဝမ်းချုပ်ခြင်းတို့ကို သက်သာစေသည်၊ အချဉ်အရသာကို လွန်ကဲစွာ စားသုံးမိပါက ပျို့အန်ခြင်း၊ ရေငတ်ခြင်း၊ မူးဝေခြင်း၊ အဖျားရောဂါဖြစ် ခြင်း၊ မျက်စိရောဂါဖြစ်စေခြင်း စသည်တို့ကို ခံစားရနိုင်သည့်အပြင်ပိန်စေပြီး ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်စေနိုင်သည်။ အချဉ်အရသာကို လွန်ကဲစွာ စားသုံး မိပါကဖြေဆေးအဖြစ် အဖန်ကိုစားသုံးပေးရသည်။

     စောင်းလျားသီးတွင် အချိုပင်နှင့် အချဉ်ပင်ဟူ၍ နှစ်မျိုးရှိသည်။ စောင်းလျားသီးနှင့် ပတ်သက်၍ ဓာတုရသလေးစောင်တွဲတွင်၊ စောင်းလျားသီးသည် ချဉ်၏၊ ပူ၏၊ တက်၏၊ လေကိုနိုင်၏ဟူ၍ ရေးသားထားပါသည်။ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ဝေသော မြန်မာအစားအစာ၏ အဟာရစာအုပ်မှ စောင်းလျားသီးစားသုံးပေးလျှင် စောင်းလျားသီး ၁၀၀ ဂရမ်တွင် ကစီဓါတ်၆.၇ ဂရမ်၊ဗီတာမင် အေ ၈၉၊အင်တာနေရှင်နယ်ယူနစ်နဲ့ ဗီတာမင်စီ-၃၈ မီလီဂရမ် တို့ပါဝင်ကြောင်း သိရသည်။ စောင်းလျားသီးတွင် ကယ်လိုရီပမာဏ အနည်းငယ်သာပါဝင်ပြီး အိုမင်းရင့်ရော်မှုကိုတားဆီးပေးနိုင်သောအင်တီ အောက်ဆီးဒင့်များကြွယ်ဝစွာပါဝင်သည်။ ထို့အတူ ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ သတ္တုဓါတ်များလည်း ကြွယ်ဝစွာပါဝင်ပါသည်။

     စောင်းလျားသီးမှာ ဗီတာမင်အေကြွယ်ဝစွာပါဝင်ခြင်းကြောင့် မျက်စိအာရုံကိုကောင်း မွန်စေသည်။ မဂ္ဂနီဆီယမ်ပါဝင်ခြင်းကြောင့် အိပ်မပျော်သူများအတွက် သင့်လျှော်သောဓါတ်စာဖြစ် သည်။ အိပ်ရေးဝဝ အိပ်စက်ခြင်းဖြင့် မျက်စိအာရုံကိုကောင်းမွန်စေသည်။ ဆီးချိုသမားလည်း စားသုံးပေးသင့်သည်။ အသီးတွင်ပါဝင်သောအမျှင်ဓါတ်သည် အူထဲမှ ဂလူးကို့စ်စုပ်ယူမှုကို တားဆီးပေးနိုင်ပြီး၊ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပါသည်။ စောင်းလျားသီးတွင် ပါဝင်သောအမျှင်ဓါတ် ကြောင့် အစာခြေစနစ်ကို ပုံမှန်ဖြစ်စေပြီး ဝမ်းချုပ်သူများအတွက် သင့်တော်သောဓါတ်စာဖြစ်သည်။ ပိုတက်ဆီယမ်ကြောင့် ကြွက်တက်ခြင်း၊ ကြွက်သားနာကျင်ခြင်းများကို ကာကွယ်ပေးနိုင်သည့်အပြင် တစ်သျှူးများအတွင်း သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပါသည်။

     စောင်းလျားသီးတွင် ကယ်လိုရီ (၃၃) နဲ့ အဆီ(၀.၄၈) သာပါတာကြောင့် ကိုယ်အလေးချိန်ထိန်းချင်သူများအတွက် သင့်တော်သောဓါတ်စာဖြစ်သည်။စောင်းလျားသီးတွင် ဖလေဗိုနိုက်ဓါတ် များကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် အသားအရေကိုစိုပြေစေပါတယ်။ ထို့အတူ သွပ်ဓါတ်ပမာဏကြွယ်ဝစွာပါဝင်သည့်အတွက် ဝက်ခြံထွက်ခြင်းပြဿနာကို ဖြေရှင်းပေးနိုင်စွမ်းရှိပါသည်၊၎င်းတွင်အစွမ်းထက်သော အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်သည့် ပိုလီဖီနှောပါဝင်ခြင်းကြောင့် နှလုံးသွေးကြော ဆိုင်ရာရောင်ရမ်းမှုကို လျော့ပါးစေတယ်လို့လည်း သိရပါတယ်။ စောင်းလျားသီးမှည့်ကိုစားသုံးပေးမည်ဆိုပါက ဝမ်းချုပ်ရောဂါကို သက်သာပျောက်ကင်းစေသလို၊ သကြားဖြင့် စားသုံးပေးပါက  အော့အန်ခြင်း၊ အစာမကြေခြင်းများကိုလည်း ပျောက်ကင်း စေသည်။ ဖျော်၍သောက်ပေးပါက အဖျားကို ပျောက်စေပြီး၊ အတွင်းလိပ်ခေါင်းသမားများ အနေဖြင့်လည်း ဓါတ်စာအဖြစ် စားသုံးပေးနိုင်ပါသည်။ အစားအသောက်ပျက်ခြင်းဖြစ်ပါက  စောင်းလျားသီး အစိမ်းကိုပါးပါးလှီးကာ ငါးနှင့်ချက်စားနိုင်သည်။ စောင်းလျားသီးတွင် Oxaic Acid နှင့် Andcormboxin  ဓါတ်များပါဝင်ခြင်းကြောင့် ကျောက်ကပ်ရောဂါရှိသူများ အထူးရှောင်ကြဉ်သင့်သည်။ ဆီးကျောက်တည်သူများ၊ ကျောက်ကပ်ဆေးနေရသူများနှင့် မသင့်တော်သော ဓါတ်စာဖြစ်သည်ဟူ၍လည်း သိရပါသည်၊

       လူသားတို့ သက်ရှည်ကျန်းမာနိုင်စေရန်အတွက် ရာသီအလိုက်စားသုံးသင့်သော အစာအဟာရများအားသတိပြုစားသုံးရန် လိုအပ်သဖြင့် ယခုဆောင်းကာလတွင် အချဉ်ဓါတ် စားသုံးပေးရန်လိုအပ်သဖြင့် အချဉ်ဓါတ်ရှိသည့် စောင်းလျားသီးကိုမကြာခဏ  စားသုံးပေးသင့်ပါသည် ။ စောင်းလျားသီး၊ အချဉ်သီး(အသေး)များထက် အချိုသီးများကို စားသုံးသူများက ပိုမိုကြိုက်နှစ်သက်ကြပြီး တောင်ကြီးဈေးကွက်တွင်လည်း ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း/ အရှေ့ပိုင်း)များမှဝင်ရောက်သည့် စောင်းလျားသီး အချိုသီး (အကြီး)များကို ပိုမိုစားသုံးမှု များနေပါသည်။ လတ်တလော တောင်ကြီးဈေးကွက်တွင် စောင်းလျားသီး အကြီး)မှာ တစ်လုံးလျှင် ၃၀ဝိ/ မှ ၅၀ဝိ/- ဈေးရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)