စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးနှင့် ဝန်ထမ်းများသည် (၇.၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ “ဧရာဂုဏ်” ကိုယ်ပိုင်အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမ(၁၆)ဦး၊ ကျောင်းသား၊ ကျောင်းသူ (၁၀၆)ဦး၊ စုစုပေါင်း (၁၂၂)ဦး တက်ရာက်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးမှ ဌာနဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များအကြောင်း၊ ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းအား ရှင်းလင်း ဆွေးနွေးပြီး၊ ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်က စားသုံးသူများအနေဖြင့် ရရှိရမည့် စားသုံးသူ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များကို ရှင်းလင်းဆွေးနွေးပြီး တာဝန်များကို လိုက်နာမှသာ ရရှိရမည့် အခွင့်အရေးများကို တောင်းဆိုတတ်ပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေမှာ ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းအသိပညာပေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ပပရွှေက ကုန်စည်များဝယ်ယူသုံးစွဲရာတွင် စားသုံးသူပြည်သူများအတွက် လုံခြုံစိတ်ချရမှုရှိစေရန် ကုန်စည်ပေါ်တွင် သတင်းအချက်အလက်ပေးခြင်းဖြစ်သည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်(၈)ချက်မှာ အရေးပါကြောင်း၊ ထိုကုန်အညွှန်းအမှတ်အသားများပါဝင်သည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစေလိုကြောင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက မည်သူများက တိုင်ကြားနိုင်သည်ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက စားသုံးသူများမှ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ သိရှိပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နေရာများအကြောင်း၊ စားသုံးသူနစ်နာမှုများအတွက် "စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ" (CICC) ဖွင့်လှစ်ထားကြောင်း၊ DOCA Myanmar မိုဘိုင်း Application Facebook စာမျက်နှာနှင့် Consumer Call Center ဖွင့်လှစ်ထားကြောင်း၊ (1535)ကို ဖုန်းခေါ်ယူ၍ တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပွဲနှင့်ပတ်သက်သည့် မေးခွန်းများအား မေးမြန်းခြင်းနှင့် ဆုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)