၂၀၂၄ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး(SSSCCI) ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ နံနက်(၀၉:၃၀) နာရီအချိန်တွင် အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှ အရာရှိ/ အမှုထမ်းများ၊ အသင်း အဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ စိတ်ပါဝင်စားသူများအပါအဝင် အင်အား (၁၅၂)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်က အခမ်းအနား ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်း နှင့်၂၀၂၄ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ဆောင်ပုဒ်ဖြစ်သည့် “ မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူ အကျိုးပြု ဉာဏ်ရည်တု” (Fair and Responsible AI For Consumers ) ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စားသုံးသူများအတွက် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ဆန်းသစ်သည့် အဆင့်မြင့် နည်းပညာများဖြင့် ကမ္ဘာ့အင်အား အကြီးဆုံးအုပ်စုဖြစ်သည့် စားသုံးသူများကိုအကာအကွယ်ပေးရေးနှင့် လူမှုဘဝ ပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော အနာဂတ်တစ်ခုရရှိနိုင်ရေးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သော စားသုံးသူအခွင့်အရေးများအကြောင်း၊ စားသုံးသူရေးရာ ကော်မတီဖွဲ့စည်းထားရှိမှုနှင့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ( CICC) မှ အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်းများကိုပြောကြားခဲ့ပြီး တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုဖိုင်များ ပြသခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များသည် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ အမှတ်တရလက်ဆောင်နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ မျှဝေခဲ့ပြီး အခမ်းအနားကို နံနက် (၁၀:၃၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)