Main menu

သတိပြုဆင်ခြင်ဖွယ်Aflatoxin မှိုဆိပ်အန္တရာယ်

Powered by Drupal

         ယနေ့ကမ္ဘာတွင် နည်းပညာများဖွံ့ဖြိုးတိုးတက်မှုများကြောင့် ရွာကြီးတစ်ရွာကဲ့သို့ပင် ဖြစ်နေပေသည်။ ခေတ်မီနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အသိပညာများလည်း  ပိုမိုကျယ်ပြန့်လာပြီး ကုန်ပစ္စည်းများနှင့် အစားအစာများ ရွေးချယ်ဝယ်ယူရာတွင် ကုန်ပစ္စည်း၏ Brand Name၊ ထုတ်ပိုးမှုဒီဇိုင်း၊ ကုန်ပစ္စည်း၏ အညွှန်းအမှတ်အသား၊ ထုတ်လုပ်မှုကျင့်စဉ်ကောင်းများနှင့်အညီ ထုတ်လုပ်ထားကြောင်း အသိအမှတ်ပြုလက်မှတ်၊ နိုင်ငံတကာမှ ချမှတ်ထားသော စံချိန်စံညွှန်များနှင့်အညီ ထုတ်လုပ်ထားကြောင်း ထောက်ခံချက်လက်မှတ်၊ သက်တမ်းမကုန်မီ အသုံးပြုသင့်သည့် အကောင်းဆုံးအခြေနေစသည့်တို့ ဖော်ပြထားခြင်း ရှိမရှိကိုကြည့်၍ ရွေးချယ်ဝယ်ယူလာခြင်းစသော Customer Behaviorsများ ပြောင်းလဲလာသကဲ့သို့ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်သွယ်မှုပြုရာတွင်လည်း Sanitary and Phytosanitary (SPS) Measurement ဆိုင်ရာသတ်မှတ်ချက်များ နှင့်ကိုက်ညီမှသာ ကုန်သွယ်မှုလွယ်ကူ လျင်မြန်ချောမွေ့စေသည်ကို လုပ်ငန်းရှင်များအားလုံး သတိပြုမိလာကြသည်။

    ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် အသည်းကင်ဆာဖြစ်စေနိုင်သော Aflatoxin မှိုဆိပ်အကြောင်းကို လူအများသတိပြုစိုးရိမ်လာကြပြီး ၎င်းမှိုဆိပ်ပါဝင်နိုင်သော အစားအစာများ (မြေပဲနှင့် မြေပဲဆီ၊ ငရုတ်သီးခြောက်)ကို ဝယ်ယူစားသုံးရာတွင် သတိပြုဆင်ခြင်၍ Aflatoxin မှိုဆိပ်ပါဝင်မှုကို သတ်မှတ်ထိန်းချုပ်ထုတ်လုပ်ထားသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူ လာကြသကဲ့သို့ လုပ်ငန်းရှင်များမှလည်း Aflatoxin မှိုဆိပ်ပါဝင်မှုနည်းသော ကုန်ကြမ်းများကို ရွေးချယ်ဝယ်ယူ၍ မိမိထုတ်ကုန်များတွင် ၎င်းမှိုဆိပ်ပါဝင်မှုကိုနည်းနိုင်သမျှ လျော့နည်းအောင် စိစစ်ဝယ်ယူလာကြသည်ကို  တွေ့ရှိလာရပါသည်။ အဆိုပါ  Aflatoxin မှိုဆိပ်ပါဝင်သော အစားအစာကို စားသုံးမိပါက ချက်ချင်းလက်ငင်းတွင် သိသာသောရောဂါ လက္ခဏာမပြသော်လည်း ကာလာကြာရှည်စွာ စားသုံးမိပါက နာတာရှည်ရောဂါနှင့် အသည်းတစ်သျှူးဆဲလ်များကို ထိခိုက်မှုဖြစ်စေပြီး အသည်းကင်ဆာ ဖြစ်စေနိုင်ကြောင်းကို အများပြည်သူများ သိရှိပြီးဖြစ်သည်။ ကုန်ချောထုတ်လုပ်ရာတွင် မည်မျှစနစ်တကျ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေကာမူ ကုန်ကြမ်းဝယ်ယူသည့် လမ်းကြောင်းတစ်လျှာက် အမှားအယွင်းတစ်ခုခုကြောင့်သော်လည်းကောင်း၊ ကုန်ကြမ်းများ ထားသို သိမ်းဆည်းမှုစနစ် မမှန်ကန်ခြင်းကြောင့်သော်လည်းကောင်း ကုန်ကြမ်းများတွင် မှိုရောဂါပိုးများကျရောက်ခြင်းကြောင့် ကုန်ကြမ်းအရည်အသွေးကျဆင်းပြီး မှိုဆိပ်များကုန်ချောထိ ပါဝင်နိုင်သဖြင့် အရည်အသွေးကောင်းမွန်ပြည့်ဝသော ကုန်ချောကိုရနိုင်မည် မဟုတ်ပါ။ ကုန်ကြမ်းကောင်းမှသာ ကုန်ချောကောင်းကိုရရှိမည်မှာ မလွဲဧကန်ဖြစ်ပါသည်။

      မှိုများသည် စိုစွတ်သောမြေဆီလွှာနှင့် ပုတ်သိုးဆွေးမြေ့နေသော ဟင်းသီးဟင်းရွက် အသီးအနှံများတွင် ပေါက်ပွားလေ့ရှိကြသည်။ ၎င်းမှိုမျိုးပေါင်းများစွာထဲမှ Aflatoxin မှိုဆိပ်ထုတ်ပေးသည့် မှိုမျိုးစိတ်များသည် ပြောင်းနှင့် အခြားသောသီးနှံ( မြေပဲ၊နှမ်း၊ ငရုတ်၊ ပဲမျိုးစုံ၊ ဂျုံ၊ ပီလောပီနံ၊ အခွံမာသီးစသည့်)များ ရိတ်သိမ်းချိန်၊ သိုလှောင်မှုပြုချိန် (သို့မဟုတ်) အခြားသောထုတ်လုပ်မှုအတွက် ပြင်ဆင်ချိန်အတွင်းမှာပင် ပေါက်ပွားနိုင်ပြီး ထုတ်ကုန်ပစ္စည်းများကို ညစ်ညမ်းမှုဖြစ်စေရုံသာမက ပျက်စီးဆုံရှုံးမှုကိုပါဖြစ်စေပါသည်။

          Aflatoxin မှိုဆိပ်ကို အဏုဇီဝမှိုအမျိုးအစားဖြစ်သော Aspergillus Flavus  နှင့် Aspargillus Parasiticus မှိုမျိုးစိပ် (၂)မျိုးမှ ထုတ်ပေးပြီး ၎င်းမှိုမျိုးစိပ်များသည် မြန်မာနိုင်ငံကဲ့သို့ ပူအိုက်စွတ်စိုသော ရာသီဥတုရှိသည့် ကမ္ဘာ့နိုင်ငံများတွင် တွေ့ရှိနိုင်သည်။ Aflatoxin မှိုဆိပ်ကို အစေ့ထုတ် ပြောင်း၊ မြေပဲနှင့် မြေပဲဖတ်တွင် အများဆုံး၊ နှမ်းဖတ်၊ ငရုတ်သီးခြောက်၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ အုန်းဆံခြောက်၊ တိရိစ္ဆာန်အစာ၊ ဝါစေ့၊ နို့နှင့် နို့ထွက်ပစ္စည်းများတွင် ဒုတိယအများဆုံး၊ ပဲမျိုးစုံနှင့် အခွံမာသီး၊ ပီလောပီနံ၊ ဟင်းခက် အမွှေးအကြိုင်များ စသည်တို့တွင်လည်းတွေ့ရှိရသည်။ Aflatoxin မှိုဆိပ်တွေ့ရှိမှုသည် နိုင်ငံရေမြေ သဘာဝအရလည်းကောင်း၊ ရာသီဥတုအခြေအနေအရလည်းကောင်း၊ သီးနှံစိုက်ပျိုး ရိတ်သိမ်းမှုစနစ်နှင့် ထားသိုသိမ်းဆည်းမှုစနစ်အရလည်းကောင်း ပါဝင်မှုပမာဏ ကွဲပြားမှုများ ရှိနိုင်ပါသည်။ သီးနှံများရိတ်သိမ်းချိန် မတိုင်မီတွင်လည်းကောင်း၊ ရိတ်သိမ်းချိန်ကာလ အတွင်းတွင်လည်းကောင်း သီးနှံများအပေါ် မှိုများပေါက်ပွားမှုကြောင့် Aflatoxin မှိုဆိပ်ဖြစ်ရခြင်း ဖြစ်သည်။ Aflatoxin မှိုဆိပ်ကို ယေဘူယျအားဖြင့်  B1, B2, G1, G2, M1 နှင့်   M2 ဟူ၍ (၆) မျိုးခွဲခြားနိုင်သည်။                                   

         အဆိုပါ မှိုဆိပ်(၆)မျိုးအနက် B1 နှင့် G1တို့သည် အဆိပ်အပြင်းဆုံးမှိုဆိပ်များဟု ပညာရှင်များကဆိုကြသည်။ Aspergillus Flavus မှိုမျိုးစိတ်မှ B1 နှင့် B2 ကိုထုတ်ပေးပြီး Aspargillus Parasiticus မှိုမျိုးစိတ်သည် B1၊ B2၊ G1 နှင့်G2 (၄)မျိုးကို ထုတ်ပေးနိုင်ပြီး   M1 နှင့်  M2 တို့မှာ B1 နှင့် B2 ပါဝင်သော တိရိစ္ဆာန်အစာ ကို ကျွဲ၊ နွားများမှ စားသုံးမိပြီး ၎င်းခန္ဓာကိုယ်အတွင်း ဓာတုပြောင်းလဲမှုဖြစ်ပြီး  M1နှင့် M2 အသွင်ပြောင်းလဲသွားခြင်း ဖြစ်သည်။ M ဆိုသည်မှာ နွားနို့ (Milk)ဟူသော စကားလုံးမှ အရှေ့စကားလုံးကို အစွဲပြုထားခြင်းဖြစ်ကြောင်း လေ့လာမှတ်သားရပါသည်။ Aflatoxin B1၊ B2၊ G1 နှင့် G2 တို့ကို သီးနှံများနှင့်တိရိစ္ဆာန်အစာတို့တွင် တွေ့ရပြီး M1နှင့်M2 သည် Aflatoxin B1 နှင့် B2 ပါဝင်သော တိရိစ္ဆာန်အစားအစာ(ပဲဖတ်၊နှမ်းဖတ်)ကို စားသုံးမိခြင်းဖြင့် ကျွဲ၊ နွားများ၏ ခန္ဓာကိုယ် အတွင်းသို့ မှိုဆိပ်ဝင်ရောက်ပြီး မကြေပျက်နိုင်ပဲ လူတို့စားသုံးသည့် နို့နှင့် နို့ထွက်ပစ္စည်းများတွင် တွေ့ရနိုင်ပါသည်။

         မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများသည် ပူအိုက်စွတ်စိုသည့် နိုင်ငံများ ဖြစ်သဖြင့်သီးနှံများ သိုလှောင်ရာတွင်လည်းကောင်း၊ အခြောက်ခံ နေလှန်းရာတွင် လည်းကောင်း၊ Aspergillus Flavus မှိုများ ကျရောက်နိုင်သည့်အတွက် အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါသည်။ မှိုမျိုးစိတ်များပေါက်ပွားရန် အစိုဓါတ်၊ အပူချိန်၊ အလင်းရောင်၊ အစာအဟာရ၊ လေထုစိုထိုင်းဆ စသည်တို့ရှိရန် လိုအပ်ပါသည်။ ၎င်းလိုအပ်ချက်များထဲမှ တစ်ခုခုကို ဖယ်ရှားနိုင်ပါက မှိုများပေါက်ပွားနိုင်ခြင်းကို ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။ ယေဘူယျအားဖြင့် အစိုဓါတ်လုံလောက်စွာ ဖယ်ထုတ်ခြင်းနှင့် လေထုစိုထိုင်းဆ ကို ၆၅% မှ ၇၀% အောက်ထားရှိပါက မှိုများမပေါက်ပွားနိုင်ပါ။ ပတ်ဝန်းကျင်စိုထိုင်းဆ ၈၅%၊ အပူချိန် ၂၅°C၊ အစိုဓါတ် ၈% ရှိနေချိန်တွင် Aflatoxin မှိုဆိပ်ထုတ်လုပ်ထွက်ရှိရန် အခြေအနေကောင်းများ ပင်ဖြစ်သည်။ ထိုကြောင့် သီးနှံများ သိုလှောင်ရာတွင် မှိုမပေါက်စေရန် အစိုဓါတ်ဖယ်ခြင်းနည်းလမ်းဖြစ်သော အခြောက်ခံခြင်းကို အသုံးပြုကြခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ အစိုဓါတ်ဖယ်ရာတွင်လည်း သီးနှံအမျိုးအစားများအလိုက် အစိုဓါတ် ပါဝင်မှုကွဲပြားသောကြောင့် သိုလှောင်မည့်သီးနှံ၏ သဘောသဘာဝကို သိရှိရန် လိုအပ်ပြီး သိုလှောင်ရန်စိတ်ချရသော အစိုဓါတ် (သို့မဟုတ်) ၎င်းအစိုဓါတ်ထက်နည်းအောင် ဂရုပြု အခြောက်ခံပြီးမှ သိုလှောင်သင့်ပါသည်။ ဥပမာ- ပြောင်းဖူးစေ့တွင် အစိုဓါတ် ၁၃.၅%၊ မြေပဲတွင် ၇ -၈%၊ ဝါစေ့တွင် ၁၂.၀%၊ ပဲပုတ်တွင် ၉-၁၁%၊မြေပဲဖတ်တွင် ၁၃-၁၅% နှင့် အပူချိန် ၂၅ºC ဝန်းကျင်တွင် သိုလှောင်ပါက Aflatoxin မှိုဆိပ်ထုတ်ပေးသော မှိုများပေါက်ပွားနိုင်ကြောင်း လေ့လာမှုများအရသိရှိရပါသည်။  အစားအစာများတွင် မှိုကျရောက်ခြင်းသည် မလိုလားအပ်သော ပျက်ဆီးဆုံးရှုံးမှုများဖြစ်နိုင်ပြီး များပြားလှသော မှိုမျိုးစိတ်များမှာ သဘာဝအားဖြင့် မှိုဆိပ်ကိုထုတ်လုပ်နိုင်သဖြင့် မှိုကျရောက်ထားသော အစားအစာများကို စားသုံးမိသော လူနှင့်တိရိစ္ဆာန်များကို ဘေးဥပဒ်ဖြစ်ရန် အလားအလာ ရှိနေပါသည်။ အရွယ်ရောက်ပြီးသူတို့သည် Aflatoxin မှိုဆိပ်(Low Level)ကို ခံနိုင်ရည်ရှိသော်လည်း ၎င်းမှိုဆိပ်ပါသော အစားအစာကိုစားသုံးမိသော ကလေးငယ်များ သည် ကြီးထွားမှု မမှန်ကန်ခြင်းနှင့် ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းကို ဖြစ်စေနိုင်ပြီး Aflatoxin မှိုဆိပ်သင့်မှု (High-Level)များလာပါက နာတာရှည်ရောဂါနှင့် အသည်းကင်ဆာကို ဖြစ်စေနိုင်ပါသည်။ Aflatoxin မှိုဆိပ်ပါသော တိရိစ္ဆာန်အစာများကို ဥစားကြက်များအား ကျွေးမိသဖြင့် ကြက်များဥ ဥနှုန်းကျဆင်းခြင်းစသည့် သိသာသော ဆိုးကျိုးများဖြစ်ပေါ်ခဲ့ဖူးကြောင်း၊ မည့်သည့်တိရိစ္ဆာန်မှ Aflatoxin မှိုဆိပ်ကို ခုခံနိုင်စွမ်း မရှိသေးကြောင်း လေ့လာသိရှိရပါသည်။

          ယခုအခါ လယ်ယာထွက်ကုန်သီးနှံများကို ကုန်သွယ်မှုပြုလုပ်ရာတွင် Aflatoxin ပါဝင်မှုကို စစ်ဆေးပြီး ဝယ်ယူသည့်နိုင်ငံအလိုက်သတ်မှတ်ထားသော သတ်မှတ်ချက်အတွင်းရှိမှသာ ရောင်းဝယ်မှုပြုကြကြောင်းနှင့် သတ်မှတ်ချက်ထက်ကျော်လွန်ပါက တင်ပို့သည့် နိုင်ငံသို့ ပြန်လည်ပေးပို့ခြင်း ပြုလုပ်လာကြောင်း တွေ့ရှိလာရပါသည်။ လယ်ယာထွက်ကုန် သီးနှံများမှာ စိုက်ကွင်း၌ဖြစ်စေ၊ သိုလှောင်ရုံ၌ဖြစ်စေ မှိုပေါက်ပွား ဖြစ်ပေါ်နိုင်ပါသည်။ သီးနှံများပေါ်တွင် ကျရောက်သော မှိုကိုအဓိကအားဖြင့် စိုက်ကွင်းမှိုနှင့် သိုလှောင်ရုံမှိုဟူ၍ (၂)မျိုး ခွဲခြားထားပါသည်။ စိုက်ကွင်းမှိုများမှာ သီးနှံများမရိတ်သိမ်းမီ ကျရောက်တတ်ပါသည်။ ယင်းမှိုပေါက်ပွားရန် အစိုဓါတ် ၂၂% မှ ၂၅% ထိလိုအပ်ပြီး သီးနှံများ အခြောက်ခံစဉ်နှင့် သိုလှောင်ထားစဉ်တွင် ယင်းမှိုများ သေဆုံးပျက်စီးသွားပါသည်။ နိမ့်သော အစိုဓါတ်ရှိသည့် အခြေအနေတွင် ယင်းမှိုများ မရှင်သန်နိုင်ပါ။

         သိုလှောင်ရုံမှိုများမှာ သီးနှံများရိတ်သိမ်းပြီးနောက် လယ်ကွင်းအတွင်း၌ ကြာရှည်စွာ သိုလှောင်ထားခြင်း၊ အခြောက်ခံခြင်းစနစ်မကောင်းမွန်ခြင်း၊ ကုန်သည်များ လက်တွင် ယာယီသိုလှောင်ရာ၌ စနစ်ကျမှုမရှိခြင်းတို့ကြောင့် ကျရောက်ရခြင်း ဖြစ်ပါသည်။ သီးနှံများတွင် မှိုများကျရောက်ခြင်းကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများဖြစ်စေပြီး စားသုံးသူများအတွက်လည်း အန္တရာယ်ဖြစ်စေသည့်အတွက် WHO (World Health Organization) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ လူတို့စားသုံးသည့် အစားအစာများတွင် Aflatoxin မှိုဆိပ်ပါဝင်မှုကို 20 ppb နှင့် တိရိစ္ဆာန်အစာတွင် 55 ppb ထက်ပို၍ မပါဝင်သင့်ကြောင်း သတ်မှတ်ထုတ်ပြန်ထားပါသည်။ Aflatoxin မှိုဆိပ်ပါဝင်မှုကို သာမန်မျက်စိဖြင့် မမြင်နိုင်သဖြင့် ပါဝင်မှုကိုသိရှိလိုပါက အဆင့်မြင့်ဓါတ်ခွဲခန်းတွင်သာ Thin Layer Chromatography(TLC)၊ High Pressure Liquid Chromatography(HPLC) စသည့် ခေတ်မီစက်ကိရိယာတို့ဖြင့်သာ တိကျမှန်ကန်စွာ စမ်းသပ်နိုင်ကြောင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(CTQM) လှည်းကူးရှိ ဓါတ်ခွဲခန်းတွင် High Pressure Liquid Chromatography (HPLC) စက်ဖြင့် Aflatoxin ပါဝင်မှုကိုစမ်းသပ် စစ်ဆေးပေးလျက်ရှိကြောင်း သိရှိရပါသည်။ Aflatoxin ပါဝင်မှုသည် သတ်မှတ်ပမာဏထက် ကျော်လွန်နေပါကလည်း ဖယ်ရှားရန်ခက်ခဲလှသဖြင့်  သီးနှံများစိုက်ပျိုးရိတ်သိမ်းစဉ်တွင် မှိုမျိုးစိတ်များ မပေါက်ပွားနိုင်ရန် ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ်ကောင်းများ (Good Agricultural Pracitce - GAP) နှင့်အညီ စိုက်ပျိုးပြီး သီးနှံများအား ကောင်းစွာခြောက်သွေ့သည်အထိ စနစ်တကျ အခြောက်ခံပြီးမှသာ ရောင်းချသိုလှောင်သင့်ကြောင်းနှင့် သိုလှောင်ရာတွင်လည်း သီးနှံအတွက်လိုအပ်သော လေထုစိုထိုင်းဆ၊ လေဝင်လေထွက်စနစ်၊ အပူချိန်စသည်တို့ကို ထိန်းညှိဆောင်ရွက်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း လေ့လာသိရှိရပါသည်။

           သို့ဖြစ်ပါ၍ သီးနှံကုန်ကြမ်းများတွင် Aflatoxin မှိုဆိပ်မဖြစ်စေရန် သီးနှံမစိုက်ပျိုးမီ မြေကြီးကို ခြောက်သွေ့စေရန် အထပ်ထပ်ထွန်ယက်၍ မြေလှန်ခြင်းများပြုလုပ်ရပါမည်။ သီးနှံတစ်မျိုးတည်းကို တသမတ်တည်း တောက်လျောက်စိုက်ပျိုးခြင်းမျိုး ရှောင်ကျဉ်ရပါမည်။ သီးနှံများ တညီတညာတည်းရင့်မှည့်ပြီးမှသာ ဆွတ်ခူးရမည်။ ရင့်မှည့်သော ပဲစေ့များ ရိတ်သိမ်းရာတွင် သီးတောင့်အစအန၊ အညှာများစသည်တို့ကို ဖယ်ထုတ်သန့်စင်ပေးရမည်။ ရိတ်သိမ်းချိန် ကာလတွင် သီးနှံကိုထိခိုက်ပျက်စီးမှုနည်းပါးစေရန် ဂရုစိုက်ကိုင်တွယ်ရမည်။ ပိုးမွှားများ ကျရောက်ပြီး နောက်ဆက်တွဲ မှိုရောဂါများကျရောက်စေနိုင်သောကြောင့် အထူးဂရုစိုက်ရမည်။ မြေပဲအပါအဝင် ပဲမျိုးစုံကို ရိတ်သိမ်းခြွေလှေ့ပြီးစတွင် မြေမှုန်မြေသားများသည် သီးနှံတွင်ကပ်ညှိနိုင်၍ ယင်းမြေမှုန့်များနှင့်အတူ အဏုဇီဝ မှိုမျိုးစိတ်များ ပါလာနိုင်ပါသည်။ ထို့ကြောင့်သီးနှံများကို ကွင်းတလင်းများတွင် ကောင်းစွာခြောက်သွေ့စေရန် ရက်အတန်ကြာ နေလှန်းပါက အထူးကောင်းမွန်ပါသည်။ စိုထိုင်းဆများသောဒေသများတွင် သီးနှံများကို အခြောက်ခံစက်များဖြင့်အမြန်ခြောက်သွေ့စေခြင်းဖြင့် Aflatoxin မှိုဆိပ်ကျရောက်မှုကို ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ခြောက်သွေ့ရာသီများတွင် သီးနှံကိုအပုံကြီးများပုံ၍ အခြောက်ခံရာတွင် အစိုဓါတ်များအောင်းပြီး မှိုဆိပ်များကျရောက်တတ်သဖြင့် အထူးဂရုစိုက် ဆောင်ရွက်ရန်လိုအပ်ပါသည်။ အစိုဓါတ်များသော သီးနှံများကို လေလုံပိတ်သိုလှောင်ရာတွင် ကောင်းစွာမခြောက်သွေ့ပါက အစိုဓါတ်ပြန်ပြီး မှိုကျရောက်နိုင်သောကြောင့် မှိုမပေါက် နိုင်စေရန် အစိုဓါတ်လုံလောက်အောင်ခြောက်သွေ့စေပြီးမှ သိုလှောင်သင့်ပါသည်။ သီးနှံပုံအတွင်းသို့ လေမှုတ်သွင်းခြင်း(Aeration)နည်းလမ်းသည်လည်း မှိုကျရောက်မှုကို ကာကွယ်ရာတွင် ထိရောက်သောနည်းစနစ်တစ်ရပ်ဖြစ်သဖြင့် ကျင့်သုံးပေးသင့်ပါသည်။ အထက်ဖော်ပြပါ နည်းလမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ခြင်းဖြင့် သီးနှံများတွင် မှိုကျရောက်မှုကို ကာကွယ်နိုင်ပြီး ၎င်းသီးနှံများမှ ထုတ်လုပ်သော စားသောက်ကုန်များနှင့် တိရိစ္ဆာန်အစားများတွင် မှိုဆိပ်များကင်းစင်ပြီး စားသုံးသူများလည်း  အန္တရာယ်ကင်းစေမည်ဖြစ်ကြောင်း လေ့လာသိရှိရသည်များကို စေတနာရှေ့ထားကာ ဖော်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး