စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးတိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ၆.၂.၂၀၂၂နေ့ နံနက်ပိုင်းတွင် မုံရွာမြို့စက်မှု့ဇုံရှိ စိုးမိုးထွန်းဆီစက်၌ စစ်ကိုင်းတိုင်းဒေသကြီးဆီကုန်သည် နှင့်ဆီစက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးထွန်းထွန်းဦးနှင့်တွေ့ဆုံ၍ ဒေသတွင်းထွက်ရှိသည့် မြေပဲဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေများကို ဆွေးနွေး မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆီစက်ပိုင်လုပ်ငန်းရှင် ဦးထွန်းထွန်းဦး၏ ပြောကြားမှုအရ စားသုံးသူများအနေဖြင့် ဒေသထွက်ဆီများ၏ ဈေးနှုန်းမှာ ယခင်က စားအုန်းဆီဈေးနှုန်းနှင့် ကွာဟချက်ကြီးမားလာသဖြင့် ဈေးနှုန်းသက်သာသည့် စားအုန်းဆီကို ပိုမိုသုံးစွဲလာကြောင်း၊ ယခုအခါ ဒေသထွက်ဆီများ၏ ဈေးနှုန်းနှင့် စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၂၀၀ ခန့်သာ ကွာခြားပါကြောင်း၊ သို့ပါ၍ စားသုံးသူများအနေဖြင့် စားအုန်းဆီသုံးစွဲမှုလျှော့ချပြီး ဒေသထွက်ကုန် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပိစပ်ဆီများ စားသုံးသူများ ပိုမို သုံးစွဲလာကြကြောင်း၊ ထို့နောက် တိုင်းဒေသကြီး ဦးစီးမှူးကလည်း ဆီစက်လုပ်ငန်းရှင်များ၏ ကုန်ကြမ်းဝယ်ယူရရှိမှု အခြေအနေများ၊ စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းရေးဝန်ကြီးဌာနက ၂၀.၁၂.၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်(၁/၂၀၂၁)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကုန်စည်၏ အမျိုးအမည်ကို မြန်မာဘာသာဖြင့်ဖော်ပြရန်၊ ကုန်စည်၏အသားတင်းပမာဏနှင့် အရွယ်အစားတို့ကို မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြန်ရန် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထုတ်ပြန့်သည့်နေ့မှစ၍ (၆)လပြည့်သည့်နေ့တွင် အာဏာသက်ရောက်မည်ဖြစ်၍ ဆီစက်လုပ်ငန်းရှင်များနှင့် စားသုံးဆီရောင်းချသူများပါ သိရှိလိုက်နာဆောင်ရွက်စေရန် ပူးပေါင်းဆောင် ရွက်စေလိုကြောင်းဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)