Main menu

မြန်မာတို့၏ ရိုးရာသင်္ကြန်ပွဲတော် (ခေါ်) မြန်မာတို့၏ နှစ်သစ်ကူး ရိုးရာဓလေ့ထုံးတမ်း

Powered by Drupal
Mon, 04/08/2024 - 14:34 -- consumer_admin

    မြန်မာနိုင်ငံသည် စိတ်ဝင်စားစရာကောင်းပြီး အရောင်အသွေးစုံသော ပွဲတော်များနှင့် ပြည့်နှက်နေပါသည်။ ထိုပွဲတော်တွေထဲတွင် သင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံတွင် အကြီးကျယ်ဆုံးနှင့် လူသိအများဆုံံးပွဲတော်ဖြစ်ပြီး နိုင်ငံခြားခရီးသွားများကိုလည်း အလွန်ဆွဲဆောင်နိုင်သော ပွဲတော်တစ်ခုဖြစ်သည်။

     မြန်မာ့ဆယ့်နှစ်လ ရာသီပွဲတော်များအနက် ပထမဦးဆုံးနှင့် ရက်ကာလ အကြာမြင့်ဆုံး ကျင်းပ သည့် ပွဲတော်မှာ သင်္ကြန်ပွဲတော်ပင်ဖြစ်သည်။ သင်္ကြန်ဆိုသည်မှာ  ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရပြီး နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းဟုလည်း အဓိပ္ပာယ်ရသည်။သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာ ပွဲတော်များတွင် အစောဆုံးကျင်းပသော ပွဲတော်ဖြစ်သည့် အပြင် ရေပက်ကစားရသော ပွဲတော်ဖြစ်သည်။ မြန်မာဘုရင်များလက်ထက်က နှစ်စဉ်သင်္ကြန် ပွဲတော်ကို နန်းတော်အတွင်း၌ အခမ်းအနားဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ အမိ အဖများကို ရည်မှန်း ကန်တော့ခြင်း၊ ခေါင်းဆေးမင်္ဂလာ ပြုခြင်းနှင့် အတာပွဲတော် တည်ခြင်းများ ပြုလုပ်ကြသည်။ နှစ်သစ် မင်္ဂလာအခါတွင် မင်္ဂလာရှိသော လုပ်ငန်းများကို အစအဦးပြု၍ လုပ်ဆောင်ရမည်ဟူသော သန္နိဌာန်ဖြင့် မင်္ဂလာအခါနှင့် ကိုက်ညီစေရန် ဆောင်ရွက် ကြသည်။

     “တန်ခူးရေကုန်၊ ကဆုန်ရေခန်း”ဟု ဆိုသည့်အတိုင်း ပူပြင်းခြောက်သွေ့သော ကာလဖြစ်သည့် သင်္ကြန်ကာလတွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ်ရွာတတ်သည်။ ၎င်းမိုးကို ဖက်ဆွတ်မိုး၊ သင်္ကြန်မိုးဟု ခေါ်သည်။ ထိုမိုးရွာသွန်းမှုကြောင့် ပိတောက်ပန်းများ ပွင့်လန်းလာခြင်းဖြစ်သည်။ မြန်မာတို့၏ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်သည် နှစ်သစ်ကူးအထိမ်းအမှတ်ပွဲ‌တော်သက်သက်ချည်း မဟုတ်ပေ။ စည်းလုံးခြင်း၊ ညီညွှတ်ခြင်း အကုသိုလ်အညစ်အကြေးများကို ဆေးကြောခြင်း၊ ဘုရားများကို အမွှေးနံ့သာများဖြင့် ပူဇော်ခြင်း၊ သက်ကြီးရွယ်အိုများကို ရေချိုးသန့်စင်ပေးခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းနှင့် လက်သည်း ခြေသည်းများ ညှပ်ပေးခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူဒါနပြုခြင်း၊ တိရစ္ဆာန်များကို ဘေးမဲ့ပေးခြင်းစသည့် အဓိပ္ပာယ်ရှိရှိနှင့် သတ်သတ်မှတ်မှတ် ကျင်းပသော ပွဲတော်ဖြစ်သည်။ မဟာသင်္ကြန် ပွဲတော်သည် မြန်မာ့ ယဉ်ကျေးမှုကို မဏ္ဍိုင်ပြု၍ ကျင်းပသောပွဲတော်လည်း ဖြစ်သည်။ သင်္ကြန်ကာလ ရေပက်ခြင်း၏ အလေ့အထနှင့် ရည်ရွယ်ချက်သည် နှစ်ဟောင်းမှ အညစ်အကြေးများကို ရေစင်ရေသန့် တို့နှင့် ပက်ဖျန်းခြင်းဖြင့် စိတ်ကို သန့်စင်ကြည်လင်ပြီး အေးမြစေရန်ဖြစ်သည်။

     သင်္ကြန်ရက်အတွင်း သိကြားမင်းက လူ့ပြည်ကို ဆင်းသက်လာပြီး နှစ်စဉ်နှစ်တိုင်း လူတွေရဲ့ ပြုလုပ်ခဲ့သမျှ မကောင်းမှု ကောင်းမှုတို့ကို ရေးမှတ်ထားလေ့ ရှိတယ်လို့ လူတွေကယုံကြည်ထားကြသည်။ သင်္ကြန်ပွဲတော်သည် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံက Songkran နဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ChoulChnam Thmey ကဲ့သို့သော တခြားပွဲတော်များနှင့် ဆင်တူသည်။

    လူအများသည် ရေသဘင်ပွဲ‌တော်မှာ ရေဖြန်းပက်ခြင်းသည် နှစ်ဟောင်းက အညစ်အကြေးများ မကောင်းသည့် ကံများကို ဆေးကြောပြီး အကောင်းဆုံးအရာများနှင့် နှစ်သစ်ကို ကြိုဆိုကြသည်ဟု ယုံကြည်ထားကြသည်။ သင်္ကြန်ပွဲတော်ရက်တွင် မြန်မာတစ်နိုင်ငံလုံးနီးပါး စတုဒီသာများ ကျွေးမွေးကြပြီး မည်သူမဆို ဝင်ရောက်သုံးဆောင်နိုင်ကြသည်။ မြန်မာ့ရိုးရာအစားအစာဖြစ်သည့် မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ သင်္ကြန်ထမင်း၊မုန့်ဟင်းခါး စသည်တို့ကို အများဆုံး ဧည့်ခံကျွေးမွေးကြသည်။

    သင်္ကြန်မဏ္ဍပ်အများစုသည် ရေပက်တဲ့နေရာ၊ ကတဲ့နေရာ၊ တိုက်ရိုက် ထုတ်လွှင့်သည့် ပွဲအစီအစဉ် များ၊ DJ တီးသူများနှင့် လူသိများကျော်ကြားပြီး လှုပ်လှုပ်ရှားရှား ကပွဲသီချင်း ပွဲများ၊ မြန်မာ့ ရိုးရာအကပွဲများ၊ ခေတ်ပေါ်အကပွဲတော်များနှင့် နာမည်ကြီး အဆိုတော်များ၏ ဖျော်ဖြေ‌‌ရေး အစီအစဉ်များလည်း ပါဝင်ပါသည်။

      သင်္ကြန်ပွဲတော်သည် နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောပီး နှစ်သစ် ကိုကြိုဆိုရန် လူများတစ်ယောက်နှင့် တစ်ယောက် ရေခွက်မျိုးစုံ၊ ရေပြွတ်သေနတ်၊ အပင်ရေ လောင်းတဲ့ ရေပိုက်များနှင့် မီးသတ်ပိုက်များကို အသုံးပြုပြီး ရေပက်ဆော့ကစားကြသည်။ တစ်ချို့လူများသည်  လမ်းလျှောက် သင်္ကြန် လျှောက်လည်သူကလျှောက်လည်ခြင်း၊ သူငယ်ချင်းများစုပြီး အမိုးဖွင့်ကားနှင့် လျှောက်လည်ခြင်း၊ စက်ဘီး များနှင့် မြို့တကာ မဏ္ဍပ်တွေဆီသွားပြီး ရေပက်ခံထွက်သည့်သူကထွက်၊ တရားစခန်းတွင် တရား ဘာဝနာ လုပ်တဲ့သူကလုပ်၊ ဘုန်းကြီးကျောင်းတွင် အလှူပေးဖို့ သွားသည့်သူကသွား စသည်ဖြင့် သင်္ကြန်ကို ပျော်ရွှင် စွာ ပုံစံအမျိုးမျိုးဖြင့် ဆင်နွှဲကြသည်။

      သင်္ကြန်ပြီးဆုံးသည့် နောက်နေ့ နှစ်သစ်၏ အဦးဆုံးနေ့ဖြစ်သည့် နှစ်ဆန်း ၁ ရက်နေ့တွင် ငှက်များ၊ ငါးများကို ဘေးမဲ့လွှတ်ကြ၍ ဇိဝိတအလှူဒါနအလှူများ ပြုကြသည်။ ညနေချမ်းအချိန်တွင် ကျေးရွာ၊ ရပ်ကွက်များ၏ လမ်းဆုံ လမ်းခွ၌ သံဃာတော်များ ပင့်ဖိတ်ကာ တစ်နှစ်တာ အန္တရာယ်ကင်းစေရန် ပရိတ်တရားတော်များ၊ ကမ္မဝါစာများ ရွတ်ဖတ်သရဇ္စျာယ်တော်ကြသည်မှာ မြန်မာတို့၏ ယဉ်ကျေးမှု အစဉ်အလာကောင်းများလည်း ဖြစ်သည်။ သင်္ကြန်ကာလအတွင်း မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ သင်္ကြန်ထမင်း၊ မုန့်ဟင်းခါးစသည့် မြန်မာ့ရိုးရာအစားအစာများဖြင့် ကျွေးမွေးဧည့်ခံသော စတုဒီသာ မဏ္ဍပ် များသည်လည်း နေ့စဉ်ရက်ဆက် လာသမျှလူတိုင်းက်ု စေတနာသဒ္ဒါတရား ထက်သန်စွာ ဖြင့် ဧည့်ခံကျွေး မွေးကြသည်။ ထို့ကြောင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်သည် ရေလောင်းရုံသာမဟုတ်ဘဲ စည်းလုံးခြင်း၊ ညီညွှတ်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ အလှူဒါနပြခြင်း၊ ပူဇော်ထိုက်သူများကို ပူဇော်ခြင်းစသော မင်္ဂလာ တရားတော် များနှင့်အညီ ကုသိုလ်ကောင်းမှုများဖြင့် ခြုံလွှမ်းနေသော၊ အနှစ်သာရပြည့်ဝသော မြန်မာ့ရိုးရာ ပွဲတော်မြတ် ပွဲတော်ထူးပင် ဖြစ်ပါကြောင်း စုဆောင်းရေးသား တင်ပြလိုက်ရပါသည်။

DOCA(ကရင်)