Main menu

မကွေးမြို့ပေါ်ရှိ စားသောက်ကုန်ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး အသိပညာပေး

Powered by Drupal

      နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသော အသားချောင်း(ဟော့ဒေါ့)များ စားသုံးမိ၍ ဘေးဥပါဒ်အန္တရာယ်ဖြစ်ပွားနေကြောင်း တွေ့ရှိရသည့်အတွက် ၂၀၂၂ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ဦးဆောင်မှုဖြင့် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းလျှက် မကွေးမြို့အတွင်းရှိ ပင်လယ်စာအကင်မျိုးစုံ ဖြန့်ဖြူးရောင်းချနေသည့် (ပင်ရင်း)ဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မကွေးမြို့ ပြည်တော်သာလမ်း၊ မဲထီးလမ်း၊ နတ်မောက်လမ်း၊ အ.ထ.က(၁)လမ်း၊ အဝေရာလမ်း၊ အောင်မေတ္တာရပ်တို့ရှိ ပင်လယ်စာအကင်မျိုးစုံ (ပင်ရင်း)ဖြန့်ဖြူးရောင်းချ သည့် ဆိုင်(၆)ဆိုင်သို့ သွားရောက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တာဝန်ရှိသူမှ ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် မြန်မာပြည်အတွင်း တရားမဝင် ဝင်ရောက်လာသော ထိုင်းနိုင်ငံထုတ် အသားချောင်းများစားသုံးမိ၍ ဘေးဥပါဒ်ဖြစ်ပွားမှုများရှိသဖြင့် ရောင်းချခြင်းမပြုကြရန်နှင့် ရောင်းဝယ်ဖောက်ကားသူများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေး နှင့် ပင်လယ်စာအကင်များသည် အစားအသောက်အုပ်စု အရန်သင့်အစားအစာ အမျိုးအစားတွင်ပါဝင်ပြီး မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုး အမည်၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်း ဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည် ဖြစ်ကြောင်း၊ မိမိကုန်စည်နှင့်ပတ်သက်၍လည်း ဘေးအန္တရာယ်ကင်းရှင်းမှုကို အာမခံမှုပေးရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှ တိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့် စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့် အချက်များအားအသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး