ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များအား စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ၁၄.၂.၂၀၂၂ ရက်နေ့တွင် စားသုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးမှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး အာမခံရမည်ဖြစ်ကြောင်း၊ ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ရှိမှု၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ၄၂(ခ)နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးဆီထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ၂၀.၁၂.၂၀၂၁ ရက်စွဲပါ ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျည်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းများ လိုက်နာရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ကို မဖြစ်မနေလိုက်နာဆောင်ရွက်သွားရန်နှင့် ညွှန်ကြားချက်ထုတ်ပြန်သည့်နေ့မှစတင်၍ (၆)လပြည့်မြောက်ပြီးသည့်နေ့တွင် အာဏာသက်ရောက်မည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေး လျှောက်ထား နိုင်ကြောင်းဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)