Main menu

ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် စားသုံးသူကာကွယ်ရေး

Powered by Drupal
Tue, 04/30/2024 - 14:27 -- consumer_admin

      နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ တစ်ရက်နှင့်တစ်ရက်ပင်မတူအောင် ခေတ်မီဖွံ့ဖြိုးတိုးတက်နေသော ယနေ့ကမ္ဘာကြီးတွင် နည်းပညာများကြောင့်ဖြစ်ပေါ်လာမည့် အကျိုးဆက်များအပေါ် စားသုံးသူများအတွက် စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေး ကာကွယ်ပေးမည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းသည်လည်း အထူးအလေးထားဆောင်ရွက်ရမည့် ကဏ္ဍတစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။

   ယနေ့ခေတ်တွင် စားသုံးသူကာကွယ်ရေးအတွက် အထူးအလေးထားရမည့်ကဏ္ဍမှာ ဆက်သွယ်ရေးကဏ္ဍပင်ဖြစ်ပါသည်။ ဆက်သွယ်ရေးဥပဒေ(၂ဝ၁၃)အရ ဆက်သွယ်ရေး (Telecommunication) ဆိုသည်မှာ သတင်းအချက်အလက်တစ်ရပ်ရပ်ကို ဝါယာကြိုး၊ ဖိုင်ဘာကြိုး သို့မဟုတ် အခြားသော လျှပ်ကူးကြိုးတစ်ခုခုကို အသုံးပြု၍သော်လည်းကောင်း၊ ရေဒီယိုလှိုင်း၊ အလင်းတန်း၊ အခြားသောလျှပ်စစ်သံလိုက်ဓာတ်ထုတ်လွှတ်သည့် နည်းလမ်းတစ်ရပ်ရပ်ကို အသုံးပြု၍သော်လည်းကောင်း မူရင်းအတိုင်းဖြစ်စေ၊ ပြုပြင်၍ဖြစ်စေ ထုတ်လွှင့်ခြင်း သို့မဟုတ် ဖမ်းယူခြင်းကို ဆိုသည်ဟုပြဋ္ဌာန်းထားသည်။ ဆက်သွယ်ရေးဆိုသည်မှာ ဝါယာကြိုး၊ ရေဒီယို၊ optical သို့မဟုတ် အခြားလျှပ်စစ်သံလိုက်စနစ်များထက် နည်းပညာအမျိုးမျိုးဖြင့် သတင်းအချက်အလက်များပေးပို့ခြင်းဖြစ်သည်။ တယ်လီဖုန်းဆက်သွယ်ရေးကို e-commuting သို့မဟုတ် e-work ဟုလည်းခေါ်ကြသည်။

        နည်းပညာများတိုးတက်ဖြစ်ထွန်းပြီး အိမ်ထဲ၌ပင်နေ၍ ကမ္ဘာကြီးတစ်ခုလုံးနှင့် ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်နိုင်ပြီး Internet၊ Email၊ Satellite များအသုံးပြု၍ စီးပွားရေးလုပ်ငန်းများ၊ ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ online education သင်ခန်းစာများ စသည်ဖြင့် ဆက်သွယ်ရေးနည်းပညာများကို အသုံးပြု၍ လွယ်ကူလျင်မြန်စွာချိတ်ဆက်အသုံးပြုနိုင်ကြပြီး အချိန်ကုန်ကျမှုနည်းကာ ငွေကြေးသက်သာစွာ အိမ် (သို့မဟုတ်) ရုံးမှနေ၍ ဆက်သွယ်ဆောင်ရွက်နိုင်ပြီး တစ်ကမ္ဘာလုံးရှိ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဖက်အဖွဲ့စည်းများ၊ ဌာနဆိုင်ရာများနှင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ အစည်းအဝေးများပြုလုပ်နိုင်သည့်အပြင် စကားဝိုင်းများလည်း ပြုလုပ်ဖန်တီးနိုင်ခြင်း၊ လုပ်ငန်းများလွယ်ကူလျင်မြန်စွာပြီးစီးခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိခံစား နိုင်ကြမည်ဖြစ်ပါသည်။

       အလားတူပင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုခြင်းကြောင့် ကောင်းကျိုးရှိသည့်အတိုင်း  ဆိုးကျိုးများလည်းရှိပါသည်။ ဆိုးကျိုးများအနက် စားသုံးသူများကို ထိခိုက်နစ်နာမှုများဖြစ်စေသည့် ဆိုးကျိုးများမှာ-

(က)    ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ အလုပ်လုပ်ကိုင်ရခြင်းကြောင့် တဦးနှင့်တစ်ဦး face to face ထိတွေ့ဆက်ဆံခြင်းမရှိသဖြင့် social relationship ပိုင်းတွင် အားနည်းချက်များဖြစ်ပေါ်လာနိုင်ခြင်း၊

(ခ)     ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုရသည့်အတွက် electric bill များပိုမိုကုန်ကျနိုင်ခြင်း၊ ဆက်သွယ်ရေးအသုံးအဆောင်များ တန်ဖိုးမြှင့်ဝယ်ယူအသုံးပြုရခြင်းအတွက် စရိတ်စကများ၊

(ဂ) ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုရသည့်အတွက် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်အသုံးပြုရာတွင် ပွင့်လင်းမြင်သာမှု (transparency) အားနည်းခြင်း၊

(ဃ) facebook ကဲ့သို့သော လူမှုစာမျက်နှာများအသုံးပြုရာတွင်လည်းကောင်း၊ sms မှတစ်ဆင့်ပေးပို့သည့် ကြော်ငြာများတွင်လည်းကောင်း၊ အခြားအသုံးပြုမှုများသည့် လူမှုစာမျက်နှာများတွင် စားသုံးသူကို သွေးဆောင်ဖြားယောင်းသည့်ကြော်ငြာများ၊ ဈေးနှုန်းနိမ့်ချကြော်ငြာ၍ စားသုံးသူအမှန်တကယ်အသုံးပြုနောက် ပါဝင်သောအဖိုးအခများမှာ ဈေးကြီးမြှင့်နေခြင်း (misleading conduct) (2000-internet ဝန်ဆောင်မှုတစ်ခုကို ဈေးနှုန်းသက်သက်သာသာဖြင့် ကြော်ငြာပြီး ဝန်ဆောင်မှုကိုရယူပြီးသည့်အခါမှသာ/ မည်သည့်ဝန်ဆောင်မှုကို ရယူသည့်အခါမှသာ အခြားအဖိုးအခများအတွက် ထပ်မံပေးချေရခြင်း စသည့် စားသုံးသူကို သွေးဆောင်ဖြားယောင်းသည့်ကြော်ငြာများ)

(c) website application စသည်တို့ကိုအသုံးပြုရာတွင် စီးပွားရေးလုပ်ငန်းရှင်ဘက်မှ စားသုံးသူနားလည်ရန်ခက်ခဲသည့် စားသုံးသူများအတွက် မျှတမှုမရှိသော စကားရပ်များ၊ တရားမျှတမှုမရှိသော စည်းမျဉ်းစည်းကမ်းများ(unfair terms) သတ်မှတ်ခြင်းများအတွက် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူများအတွက် အကာကွယ်မရှိခြင်း။

     ဖော်ပြပါ ဆိုးကျိုးသက်ရောက်မှုများအပေါ် စားသုံးသူကာကွယ်ရေးဥပဒေ ၂ဝ၁၉၊ အခန်း(၉)၊ ပုဒ်မ- ၁၉တွင် စားသုံးသူအခွင့်အရေးများကို သတ်မှတ်ဖော်ပြထားပြီး ပုဒ်မ-၁၉ (ဂ)တွင် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက်အထားရယူခွင့်ရှိခြင်းဟုဖော်ပြထားပြီး ပုဒ်မ-၁၉(ဆ)တွင် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောသတင်းအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း စသည့်စားသုံးသူအခွင့်အရေးများကို ဖော်ပြထားသည်။ ထို့ပြင် အခန်း(၁၀)၊ ပုဒ်မ-၂၁(က)တွင် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ ပုဒ်မ-၂၁ (စ)တွင် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူကဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြခြင်း စသည့်အချက်များဖြင့် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များကို သတ်မှတ်ပေးထားပြီး သွေးဆောင်ဖြားယောင်းသည့် ကြော်ငြာများအတွက် အခန်း(၂၃)၊ ပုဒ်မ-၆၃၊ ၆၄၊ ၆၅ တွင် ထင်ယောင်ထင်မှားဖြစ်စေသောကြော်ငြာများ၊ အရောင်းမြှင့်တင် သောကြော်ငြာများအတွက် တားမြစ်ချက်များကို စားသုံးသူများအတွက် သတ်မှတ်ပြဋ္ဌာန်းထားပါသည်။

      စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) တွင် စားသုံးသူများအတွက် တရားမျှတမှုမရှိသောစကားရပ်များအတွက်မူ သီးခြားပြဋ္ဌာန်းထားခြင်းမရှိသေးသည်ကိုတွေ့ရှိရသည်။

        ဆက်သွယ်ရေးဥပဒေ (၂၀၁၃)  အခန်း-၉၊ပုဒ်မ-၃၁တွင် အသုံးပြုသူများကို အကာကွယ်ပေးခြင်းအခန်းကို ထည့်သွင်းပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၁ (ခ)တွင် လုပ်ငန်းလိုင်စင်ရရှိသူသည် အသုံးပြုသူကိုအကာအကွယ်ပေးသည့် စံနှုန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဟု အတိအလင်းဖော်ပြထားသည်။ ထို့ပြင်အခန်း(၁၄)၊ ပုဒ်မ-၅၀ (က)တွင် ကွန်ရက်အထောက်အကူပြုပစ္စည်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရာတွင်ဖြစ်စေ၊ ဖြည့်ဆည်းဆောင်ရွက်ရာ တွင်ဖြစ်စေ အငြင်းပွားမှုပေါ်ပေါက်သည့်အခါ အချင်းချင်းညှိနှိုင်းဖြေရှင်းနိုင်ခြင်းမရှိပါက ထိုအငြင်းပွားမှုကို ဦးစီးဌာနသို့တင်ပြနိုင်သည်။

       ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းများကို ကွန်ရက်အထောက်အကူပြုပစ္စည်းများနှင့် ချိတ်ဆက်အသုံးပြုခြင်း၊ အပြန်အလှန်ဆက်သွယ်ခြင်းတို့ဆောင်ရွက်ရာတွင် အငြင်းပွားမှုပေါ်ပေါက်ပါက ဦးစီးဌာနသို့ တင်ပြနိုင်သည်ဟုဖော်ပြထားပြီး ပုဒ်မ- ၅၁။ ဦးစီးဌာနသည် လုပ်ငန်းလိုင်စင်ရရှိသူအချင်းချင်း အငြင်းပွားမှုနှင့်စပ်လျဉ်း၍ စေ့စပ်ညှိနှိုင်းဆုံးဖြတ်ပေးရန် ပုဒ်မ ၅၀ အရ တင်ပြချက်ကိုသော်လည်းကောင်း၊ ထိုသို့တင်ပြခြင်းမရှိသော်လည်း အငြင်းပွားမှုမှာ အများပြည်သူအကျိုးစီးပွားကို ထိခိုက်နစ်နာစေနိုင်လျှင်သော်လည်းကောင်း စေ့စပ်ညှိနှိုင်းဆုံးဖြတ်ပေးရမည်ဟုဖော်ပြထားသည်။

         ပုဒ်မ၅၂။ (က) တွင် ပုဒ်မ ၅၁ အရ ဦးစီးဌာနက စေ့စပ်ညှိနှိုင်းဆုံးဖြတ်ပေးချက်နှင့်စပ်လျဉ်း၍ မကျေနပ်သူသည်-

(၁)    ဆက်သွယ်ရေးဆိုင်ရာနည်းပညာနှင့်သက်ဆိုင်သည့် ကိစ္စဖြစ်ပါက ထိုဆုံးဖြတ်ချက်ချမှတ်သည့်နေ့ရက်မှ ရက်ပေါင်း ၃ဝ အတွင်း ဝန်ကြီးဌာနသို့ အယူခံနိုင်သည်။

(၂)      ဆက်သွယ်ရေးဆိုင်ရာနည်းပညာနှင့် သက်ဆိုင်ခြင်းမရှိသည့် ကိစ္စဖြစ်ပါက မိမိ၏နစ်နာမှုအတွက် သက်သာခွင့်နှင့် အခွင့်အရေးများကိုရရှိရန် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာတရားရုံးတွင် တောင်းဆိုနိုင်သည်။

         ပုဒ်မ-၅၂၊ (ခ)၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ အယူခံခြင်းအပေါ်  ဝန်ကြီးဌာနသည်-

(၁)     လိုအပ်သောစုံစမ်းစစ်ဆေးမှုများပြုလုပ်ရမည်။

(၂)      ဦးစီးဌာန၏ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း

ပြုနိုင်သည်။

(ဂ)     ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ မကျေနပ်သူသည် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့ရက်မှစ၍ ရက်ပေါင်း ၄၅ရက်အတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ အယူခံခုံရုံးသို့ အယူခံနိုင်သည်ဟုဖော်ပြထားသည်။

       သို့ဖြစ်ရာ ဆက်သွယ်ရေးဝန်ဆောင်မှုများအတွက် စားသုံးသူအခွင့်ရေးချိုးဖောက်ခံရပြီး စားသုံးသူများထိခိုက်နစ်နာဆုံးရှုံးမှုများရင်ဆိုင်ကြုံတွေ့ရပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအခွင့်ရေးအပြည့်အဝရရှိရေး၊ စားသုံးသူအခွင့်ရေးများမဆုံးရှုံးစေရေး၊ စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေး ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းဆောင်ရွက်လျက်ရှိပြီး စားသုံးသူများအတွက် စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရေး ကြိုးစားဆောင်ရွက်လျက်ရှိရာ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရေးနှင့် စားသုံးသူအခွင့်အရေးများ၊ အများပြည်သူပိုမိုသိရှိနိုင်ရေး အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းပါဝင်ပြီး လက်တွဲညီညီဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)