ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးဦးထွေးသိမ်း၊ မြို့နယ်တာဝန်ခံဦးမင်းဇော်နှင့် စည်ပင်ဈေးစားသုံးသူရေးရာအဖွဲ့တို့နှင့်အတူ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ဖျာပုံမြို့မဈေးရှိ ကုန်မျိုးစုံ အရောင်းဆိုင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ကြိုတင်အသိပေးခြင်းနှင့် ကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအရောင်းဆိုင်များအား ညွှန်ကြားချက်အမှတ်( ၁ / ၂၀၂၁ ) အရ ဟင်းသီး ဟင်းရွက်ဆီ (Vegetable Oil , Cooking Oil )နှင့် စပ်လျဉ်း၍ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဟင်းသီးဟင်းရွက်ဆီ ( စားအုန်းဆီ )၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့် စားအုန်းဆီ ) ဖော်ပြရမည်။ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အားမြန်မာ့အလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ညွှန်ကြားချက်စတင် ထုတ်ပြန်သည့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်နေ့မှ( ၆ ) လပြည့်ပြီးသည့်နေ့ရက်မှ စတင်အာဏာ သက်ရောက်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဂရုပြုကြရန်နှင့် လိုက်နာမှု မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိစေရန် အသိပေးခဲ့ပြီး လက်ရှိရောင်းချနေသော ကုန်စည်များအားစစ်ဆေးရာ မြို့မဈေးနေသူရိန်လမ်း ( ၂ ) ရပ်ကွက် ကုန်မျိုးစုံ အရောင်း ဆိုင်တွင် (၁)ကီလိုဂရမ်ရှိ ထန်းသီးကျောက်ကျောပျစ်ထုပ် များတွင် ထိုင်းဘာသာ စာဖြင့်ရေးသားထားပြီး မြန်မာဘာသာဖြင့်ရေးသားထားသော စာသား များမပါရှိခြင်း၊ နေရပ်လိပ်စာ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ မပါရှိခြင်းတို့ကြောင့် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၄၁)(၄၃)နှင့် ကိုက်ညီမှု မရှိသည့်အတွက် ၎င်းကုန်စည်အား ဆက်လက်ရောင်းချခြင်း မပြုရန် တားမြစ်ခဲ့ပြီး ဆိုင်ရှင်အား အရေးယူဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးတွေ့ရှိမှုအခြေအနေကို ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)