စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှနှင့် ဝန်ထမ်းများသည် (၂၇.၅.၂၀၂၄)ရက်နေ့၊ နံနက် (၀၇:၃၀)မှ (၁၁:၀၀)နာရီအချိန်ထိ မကွေးမြို့၊ ကန်သာစျေးအတွင်းရှိ ကုန်စုံဆိုင်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စျေးတာဝန်ခံ (စည်ပင်သာယာရေးအဖွဲ့)တို့နှင့် ပူးပေါင်းပြီး စျေးကွက်အတွင်းရှိ ကုန်စည်များအား နမူနာဝယ်ယူ၍ Mobile Lab ဖြင့် စစ်ဆေးခဲ့ပါသည်။
ခေါက်ဆွဲဖက်၊ မုန့်ဟင်းခါးဖက်၊ ပဲနီလေး၊ ငရုပ်သီးမှုန့်၊ အသားတု၊ ပဲတီချဉ်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ချင်းပေါက်၊ ပဲပြား၊ ပိန္နဲသီးစိပ်၊ ဇောင်ရမ်းချဉ်၊ ပဲသွေး၊ ပိတ်ဆွယ်၊ စားကောင်း(ငပိထောင်း)၊ ငါးနီတူခြောက်၊ ငါးဖတ်ခြောက်တို့အား ကုန်စည်နမူနာ (၁၇)မျိုး ဝယ်ယူခဲ့ပြီး ကန်သာစျေး၌ပင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ Mobile Lab ဖြင့် ချက်ချင်း စစ်ဆေးခဲ့ရာ ပိတ်ဆွယ်၊ ချင်းပေါက်၊ ပဲသွေးနှင့် ပိန္နဲသီးစိပ်တို့၌ အစားအသောက်များတွင် သုံးစွဲရန် ခွင့်မပြုသော Surfiting Agent (ချွတ်ဆေး)များ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရောင်းချသူများအား စီမံခန့်ခွဲရေးနည်းလမ်း အရ ၎င်းကုန်စည်များအား ဆက်လက်ရောင်းချခြင်းမပြုရန် အဖွဲ့စုံ၏ဆုံးဖြတ်ချက်ဖြင့် စျေးတာဝန်ခံရုံး ခန်းတွင် ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခြင်းနှင့် သက်ဆိုင်ရာ ကန်သာစျေးရှိ စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့ အမှိုက်ပုံးထဲတွင် ခွင့်မပြုချွတ်ဆေးသုံးစွဲထားသော ပိတ်ဆွယ်၊ ချင်းပေါက်၊ ပဲသွေးနှင့် ပိန္နဲသီး စိပ်တို့အား စွန့်ပစ်ခြင်းဆောင်ရွက်ခဲ့ပြီးနောက် စျေးကွက်အတွင်းရှိ အခြားကုန်စည်များအားလည်း ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)